စိတ်ဝင်စားဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ လှပတဲ့ မြေထဲပင်လယ်ကျွန်းများ

ကမ္ဘာ့ဒေသအရပ်ရပ်မှာရှိတဲ့ ကျွန်းတွေအားလုံးဟာ သူ့အလှအပနဲ့ သူရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ တမူထူးခြားပြီး အပန်းဖြေလို့ကောင်းတဲ့ မြေထဲပင်လယ်ထဲက အိပ်မက်ဆန်ဆန် ကျွန်းတွေပဲဖြစ်ပါတယ်။ ကျွန်းတွေကိုတော့ getyourguide တဆင့် ကိုးကားကောက်နှုတ်ကာ ဖော်ပြပေးလိုက်ပါတယ်။

Ischia, Italy

Instagram/vito__colella

အီတလီက ကျွန်းတစ်ကျွန်းဖြစ်တဲ့ Ischia ကိုတော့ “Isola Verde” သို့မဟုတ် အစိမ်းရောင်ကျွန်းလို့  ခေါ်ကြပါတယ်။ ကျွန်းပေါ်မှာတော့ အရောင်စုံ ဒေသရင်း တိရစ္ဆာန်မျိုးစိတ်တွေ အများကြီးရှိပါတယ်။ အခြားကျွန်းအများစုနဲ့ ကွဲပြားစွာပဲ Ischia မှာတော့ Castello Aragonese အမည်ရှိတဲ့ အလယ်ခေတ်ရဲတိုက်တစ်ခုကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Nisyros, Greece

Instagram/swtiria_petrou

Nisyros ကတော့ လှပတဲ့ ဂရိကျွန်းလေးတစ်ကျွန်း ဖြစ်ပါတယ်။ ကျွန်းဟာ မီးတောင်မြေဖြစ်ပါတယ်။ ကျွန်းပေါ်မှာတော့ ဘုရားကျောင်းတွေအများကြီးပါပဲ။ ဒီထဲကမှ Panagia Spiliani နဲ့ Agios Theologos ဘုရားကျောင်းတွေကတော့ တကယ်ကို လည်ပတ်သင့်တဲ့ နေရာတွေလို့ ဆိုပါတယ်။ ကျွန်းပေါ်က Mandraki မြို့လေးပေါ်မှာတော့ မီးတောင်ကျောက်တုံးတွေနဲ့ ဆောက်လုပ်ထားတဲ့ အဖြူရောင်နဲ့ အရောင်စုံအိမ်လေးတွေကို တွေ့နိုင်ပါတယ်။ မီးတောင်ဝအနားထိ တောင်တက်သွားနိုင်သလို ကျွန်းပေါ်မှာလည်း လှိုင်းစီး၊ ရေငုပ်စတာတွေ လုပ်နိုင်ပါသေးတယ်။

READ
ဆွီဒင်နိုင်ငံရဲ့ လူသိနည်းသေးတဲ့ ထူးထူးခြားခြား အချက် (၆) ချက်

Agistri, Greece

Instagram/travellingwithgiannis

Agistri ကျွန်းလေးကတော့ အေသင်မြို့ကနေ တစ်နာရီကြာခရီးအကွာအဝေးမှာ ရှိပါတယ်။ ဖယ်ရီဂိတ်ကနေ ဆင်းတာနဲ့ ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရင်ပဲ ဟိုတယ်တွေကို တွေ့နိုင်ပါတယ်။ ကျွန်းပေါ်ကနေ Chalikiada ကမ်းခြေဆီကို သွားနိုင်သလို ဖြူလွှလွှသဲနုလေးတွေကို ခြေထာက်ထဲ ညှပ်ကစားရင်း ကျွန်းအလှအပကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Biševo, Croatia

Instagram/kroati.de

ခရိုအေးရှားက Biševo ကျွန်းလေးကတော့ ကျွန်းသေးသေးလေးဖြစ်ပါတယ်။ စတုရန်းမိုင် (၂.၃) မိုင်သာ ကျယ်ဝန်းပြီး အမြဲတမ်းနေထိုင်တဲ့ ကျွန်းနေလူဆိုလို့ (၁၅) ယောက်သာ ရှိပါတယ်။ ကျွန်းရဲ့ အဓိကထင်ရှားတဲ့ အကြောင်းရင်းက လိုဏ်ဂူတွေကြောင့် ဖြစ်ပါတယ်။ Biševo ရောက်ရင် အဓိကသွားသင့်တဲ့နေရာက Modra Špilja သို့မဟုတ် The Blue Cave လို့ခေါ်ကြတဲ့ နေရာပါ။ ဂူထဲမှာတော့ ကျောက်တုံးအအက်အကွဲတွေကြား ထိုးဖောက်ပြီး ၀င်လာတဲ့ နေရောင်ခြည်ဟာ ရေပြင်ကို အရောင်ဟပ်ပြီး ဂူထဲမှာ အပြာရောင်သန်းနေတာကြောင့် ထူးခြားတယ်လို့ ဆိုရမှာပါ။

READ
ကမ္ဘာ့အခြောက်သွေ့ဆုံး နေရာအလယ်က လှပတဲ့အိုအေစစ်လေး

Porquerolles, France

Instagram/onedaywithflo

ပြင်သစ်နိုင်ငံထဲက Porquerolles ကျွန်းဟာ Hyères မြို့ကနေ ဖယ်ရီနဲ့သွားရင် မိနစ် (၂၀) လောက်ပဲ ဝေးပါတယ်။ ကျွန်းပေါ်ရောက်တဲ့အခါ စက်ဘီးငှားပြီး ကျွန်းအနှံ့လည်ပတ်နိုင်ပါတယ်။ ကျွန်းပေါ်မှာတော့ ၀ိုင်ချက်စက်ရုံတွေဟာ နေရာအနှံ့အပြားမှာ ရှိပါတယ်။ ကျွန်းပေါ်မှာတော့ ဘယ်နေရာကို သွားသင့်တယ်ဆိုပြီး ထူးထူးခြားခြားသတ်မှတ်ထားတဲ့ နေရာမျိုးမရှိပါဘူး။ ကျွန်းက တစ်လျှောက်လုံးလှပလွန်းတာကြောင့် ကိုယ်စိတ်ကြိုက်အတိုင်း စက်ဘီးတစ်စီးနဲ့ လည်ပတ်သွားလာနိုင်ပါတယ်။

လင်းလင်း (ShweMom)

SHARE