ဂိမ်းနဲ့အင်တာနက်စွဲလန်းသူတွေကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေနဲ့ကုသပေးနေတဲ့သင်တန်း

နည်းပညာ ဖွံ့ဖြိုးလာပြီးနောက်ပိုင်းမှာ အင်တာနက်လူမှုကွန်ယက်နဲ့ ဂိမ်းတွေကလည်း ဆော့ကစားသူတွေကို ထိုင်ရာကမထချင်လောက်အောင် အဆင့်တွေ မြင့်လာကြပါတယ်။ အခုနောက်ပိုင်း ထွက်တဲ့ ဂိမ်းတော်တော်များများဟာ ကိုယ်တိုင်ပါဝင်နေရသလောက်အထိကို အထင်ရောက်စေပြီး၊ စွဲလန်းမှု Internet addiction disorder (IAD) ကိုလည်း ပိုမိုဆိုးဝါးစေတယ်လို့ ဆိုပါတယ်။

The Sun မှာ ဖော်ပြထားတဲ့ သတင်းမှာတော့ တရုတ်နိုင်ငံဟာ ဆေးဖြတ်ဌာနကဲ့သို့ပင် ကွန်ပျူတာဂိမ်းနဲ့ အင်တာနက် အလွန်အကျွံစွဲနေသူတွေကို သီးသန့်သင်တန်းတွေ ပေးနေပြီး၊ တရုတ်တပ်မတော် ယူနီဖောင်းတွေကို ၀တ်ဆင်ရပါတယ်။ သင်တန်းဟာ ကြမ်းတမ်းလွန်းလှပြီး၊ မီဒီယာတွေ သီးသန့်ဝင်ခွင့်ရရှိမှသာ ၀င်ရောက်သတင်းယူနိုင်တဲ့ နေရာ ဖြစ်ပါတယ်။

ရိုက်နှက်ဆုံးမတာတွေ ရှိသလို၊ ဒဏ်ပေးတဲ့စနစ်၊ စိတ်ထဲကအစွဲကို ဖျောက်ဖို့အတွက် အပြင်းအထန် လေ့ကျင့်ရတာတွေလည်း ရှိပါတယ်။ ဒီသင်တန်းကျောင်းကို  Beijing’s China Young Mental Development Base မှာ ဖွင့်လှစ်ထားပြီး လောလောဆယ် လူနာ 80 ကျော် ရှိပြီး သင်တန်းကာလမှာ 6 လဖြစ်ပါတယ်။

အဆိုပါ သင်တန်းကျောင်းကို Jamie Fullerton အမည်ရ ဂျာနယ်လစ်က ၀င်ရောက်လေ့လာခဲ့ပြီး၊ ကလေးတွေ တက်ရောက်နေတဲ့ သင်တန်းတွေကိုလည်း အစမ်းသဘောမျိုး ၀င်လုပ်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ အများအားဖြင့်တော့ အသက် 16-17  အရွယ် ကောင်လေးတွေဖြစ်ကြပြီး၊ ကောင်မလေးတွေလည်း ဆယ်ဂဏန်းခန့် ရှိတယ်လို့ သိရပါတယ်။

READ
ပြောင်မြောက်တဲ့လက်ရာတွေကြာင့် နာမည်ကြီးနေတဲ့ ကော်ဖီပန်းချီဆရာလေး

ဒီဂိမ်းဖျက်သင်တန်းကျောင်းကို မိဘတွေကိုယ်တိုင်က သားသမီးတွေကို လိုလိုချင်ချင် လာအပ်ကြတာ များပြီး၊ ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ လာရောက်အပ်နှံသူတွေလည်း ရှိပါတယ်။ သင်တန်းကျောင်းကို အုပ်ချုပ်ကြသူတွေဟာ စစ်တပ်မှ အရပ်ဘက်သို့ ပြောင်းရွှေ့လာကြသည့် အရာရှိအရာခံတွေဖြစ်ပြီး၊ 2003 ခုနှစ်ကတည်းက ဒီသင်တန်းကျောင်းကို စတင်ခဲ့တာလို့ သိရပါတယ်။

သင်တန်းမှာ စည်းကမ်းအလွန်တင်းကြပ်ပြီး၊ စည်းကမ်းမလိုက်နာပါက ထိုးကြိတ် ကန်ကျောက်ခြင်းတွေလည်း ရှိသလို၊ ပြင်းထန်တဲ့ ဒဏ်ပေးနည်းတွေလည်း ရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ 2012 ခုနှစ်ကတည်းက ဂိမ်းကစားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့လူငယ်အရေအတွက်စာရင်းမှာ တစ်ခြားနိုင်ငံတွေထက် များပြားခဲ့လို့ ယခုလို ပြုပြင်ရေးသင်တန်းကျောင်းတွေ ဖွင့်ဖို့ စိတ်ပညာရှင်တွေက အကြံပေးခဲ့တာပါ။

ကျောင်းရဲ့ အကြီးအကဲကတော့ Tao Ran ဖြစ်ပြီး သူကတော့ People’s Liberation Army မှာ ဗိုလ်မှူးကြီးအဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ စစ်တမ်းအရ လူငယ်အများစုပါဝင်တဲ့ လူ 24 သန်းဟာ Internet addiction disorder (IAD) ကို ခံစားနေရကြောင်း သိရပါတယ်။

READ
တိရစ္ဆာန်ရုံဝန်ထမ်းသစ် ကျားဖြူတွေရဲ့ ကိုက်ဖြတ် စားသောက်ခြင်းခံခဲ့ရ

လက်ရှိအချိန်မှာ တရုတ်နိုင်ငံတွင်း ပြုပြင်ရေးသင်တန်းကျောင်း 300 ကျော် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်ခန့်က အသက် 18 နှစ်အရွယ် Li Ao အမည်ရ အမျိုးသားငယ်တစ်ဦးဟာ Hefei Zhengneng Education အမည်ရ စိတ်ဓာတ်ပြုပြင်ရေး သင်တန်းကျောင်းမှာ ရောက်ရှိပြီး နှစ်ရက်အကြာမှာ သေဆုံးခဲ့လို့ ဂယက်တွေ ထခဲ့ပါသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် များစွာ တွေ့ရခဲ့ရတဲ့အတွက် သင်တန်းကျောင်း တာဝန်ရှိသူတွေကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE