ခေတ်နောက်ပြန်တဲ့ ကိုယ်ဝန်ဆောင်လမ်းညွှန်တွေကြောင့် ဝေဖန်ခံနေရတဲ့ ဆိုးလ်အစိုးရ

pexels/Leah Kelley

တောင်ကိုရီးယားမှာရှိတဲ့ အာဏာပိုင်တွေဟာ မကြာသေးခင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းညွှန်ချက်တွေဟာ ခေတ်နောက်ပြန်ဆွဲပြီး အမျိုးသမီးတွေအပေါ် ချိုးနှိမ်တဲ့အသုံးအနှုန်းမျိုး ဖြစ်နေတဲ့အတွက် လူမှုကွန်ယက်ပေါ် အတော်လေးဂယက်ရိုက်ခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။

ဆိုးလ်မြို့ရဲ့ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားခြင်း အချက်အလက်စင်တာက ဇန်နဝါရီ၅ရက်နေ့မှာ ကိုယ်ဝန်ဆောင်တွေအတွက် လမ်းညွှန်ချက်တွေထုတ်ပြန်ခဲ့တာပါ။ အဆိုပါလမ်းညွှန်ချက်တွေထဲမှာတော့ ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ အသင့်စားနိုင်တဲ့အစားအသောက်တွေ၊ ဟင်း၊ ပဲအနှစ်နဲ့ စွပ်ပြုတ်စတာတွေကို ချက်ရေးပြုတ်ရေးနဲ့ မရင်းနှီးတဲ့လင်ယောက်ျားအတွက် ပြင်ဆင်ထားရမယ်ဆိုပြီး ပါရှိပါတယ်။

pexels/Leah Kelley

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အတွင်းခံတွေ၊ ခြေအိတ်တွေ၊ အင်္ကျီတွေ၊ လက်သုတ်ပုဝါတွေနဲ့ အပြင်ဝတ်တွေကို ကိုယ်ဆေးရုံတက်နေတုန်း လင်ယောက်ျားနဲ့ကလေးတွေအလွယ်တကူဝတ်နိုင်အောင် ၃ရက်စာကနေ ၇ရက်စာလောက်အထိ ပြင်ဆင်ထားရမယ်လို့လည်း ဆိုပါတယ်။ ဒါ့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေနဲ့ မီးဖွားနေစဉ် ခေါင်းမလျှော်နိုင်တဲ့အတွက် ဆံပင်ဖိုသီဖတ်သီမဖြစ်ရအောင် ခေါင်းစည်းကြိုးပါ ဝယ်ထားသင့်တယ်ဆိုပြီးလည်း အကြံပြုထားပါသေးတယ်။

READ
ကမ္ဘာပတ်ဖို့အတွက် ပိုက်ဆံရှိစရာမလိုကြောင်း ပြသနေတဲ့အနောက်နိုင်ငံသားတွေ

 

စင်တာရဲ့လမ်းညွှန်ချက်တွေက လူအများကြားပြောစရာဖြစ်လာတာကြောင့် ဝေဖန်ခံနေရတဲ့ လမ်းညွှန်ချက်အချို့ကိုတော့ စင်တာက ၄င်းတို့ဝက်ဆိုက်ဒ်ကနေ ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ မဖျက်ခင် လမ်းညွှန်ချက်တွေကို ss ရိုက်ယူထားသူတွေရှိခဲ့အတွက် ၄င်းတို့ကပဲ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်ဖြန့်ခဲ့ကြတာဖြစ်ပါတယ်။ စင်တာရဲ့အကြံပေးချက်တွေထဲမှာတော့ အမျိုးသမီးတွေဟာ ပန်းကန်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းစတဲ့ အိမ်အလုပ်တွေနဲ့ ဝိတ်ကျအောင်လုပ်နိုင်ကြောင်းကိုလည်း လမ်းညွှန်ထားပါသေးတယ်။ အမြင်ကျယ်သူ တောင်ကိုရီးယားပြည်သူတွေကတော့ ၄င်းလမ်းညွှန်ချက်တွေအပေါ် ဒေါသထွက်နေကြပါတယ်။ ပြည်သူတွေက အမျိုးသမီးတွေအပေါ် နှိမ်ချစော်ကားသလို ရေးသားခဲ့တဲ့ ကိုယ်ဝန်ဆောင်လမ်းညွှန်ချက်တွေအတွက် စင်တာကို တာဝန်ယူခိုင်းနေပြီး လူသိရှင်ကြားတောင်းပန်ပေးဖို့ တိုက်တွန်းလျက်ရှိနေကြောင်းလည်း သိရပါတယ်။

READ
ထိုင်ခုံနေရာမှားနေကြောင်း သတိပေးလာပေးတဲ့ဝန်ထမ်းကို ရန်ပြန်တွေ့ခဲ့တဲ့ တရုတ်အမျိုးသမီး

ShweMom

SHARE