K-pop idol အဖြစ်ရွေးတယ်ဆိုပြီး ဘရာဇီးအမျိုးသမီး ၇ ဦးကို ပြည့်တန်ဆာလုပ်ခိုင်းခဲ့တဲ့ဖြစ်ရပ်

Pitiya Phinjongsakundit/shutterstock

တောင်ကိုရီးယားရဲ့ အနုပညာလှိုင်းကြီးကတော့ အာရှနိုင်ငံတွေကိုသာမကဘဲ တခြားနိုင်ငံတွေကိုလည်း တော်တော်လေး ထိရောက်မှုရှိနေခဲ့တယ်လို့ဆိုရမှာပါပဲ။ K-pop idol တွေ၊ K-drama တွေဟာဆိုရင် နိုင်ငံတိုင်းလိုလိုက အသက်အရွယ်မရွေး၊ ကျားမမရွေးကို လွှမ်းမိုးမှန်းမသိ လွှမ်းမိုးလာနေခဲ့တာ နှစ်တော်တော်ကြာနေခဲ့ပါပြီ။ အခုလည်း ဘရာဇီးနိုင်ငံက အရွယ်ကောင်းကောင်းအမျိုးသမီး ၇ ယောက်ကို K-pop idol ဖြစ်အောင် girl group တစ်ခု ထူထောင်ပေးဖို့ လူရွေးတယ်ဆိုပြီး လိမ်ညာခေါ်ကာ ပြည့်တန်ဆာလုပ်ခိုင်းခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့တယ်ဆိုပြီး Insider မှာ ဖတ်ခဲ့ရပါတယ်။

Insider မှာ ဖော်ပြချက်အရ တောင်ကိုရီးယားအမျိုးသား ၅ ယောက်ဟာ ဆိုးလ်မြို့ပေါ်မှာတရားမဝင်လူကုန်ကူးခြင်းကြောင့် အဖမ်းခံခဲ့ရပါတယ်လို့ Korea Times မှာဆောင်းပါးတက်လာပါတယ်တဲ့။ သူတို့ရဲ့သားကောင်တွေကတော့ တောင်ကိုရီးယားနိုင်ငံအတွင်းကမဟုတ်ဘဲ ဘရာဇီးနိုင်ငံက အရွယ်ကောင်းအမျိုးသမီး ၇ ယောက်ပဲဖြစ်ပါတယ်။ ၂၀ ပိုင်းနဲ့ ၃၀ စွန်းစွန်းပိုင်းလေးတွေပါ။

အဖမ်းခံခဲ့ရတဲ့ အမျိုးသားထဲကတစ်ယောက်ဟာ သူတို့ဆီကို ၂၀၁၉ ဇူလိုင်လတုန်းက ဆက်သွယ်လာခဲ့ပြီးနောက် ကိုရီးယားမှာ နိုင်ငံခြားသူမော်ဒယ်တွေ လိုအပ်နေတာကြောင့် သူတို့အေဂျင်စီ(အတု)အနေနဲ့ ကာယကံရှင်အမျိုးသမီးတွေရဲ့ပုံပန်းသဏ္ဍာန်တွေဟာ စံချိန်နဲ့ကိုက်ညီနေတာမလို့ မောဒယ်လုပ်ဖို့ ကမ်းလှမ်းတယ်ဆိုပြီးတော့ပါ။ မော်ဒယ်ကနေ စိတ်ဝင်စားရင်လည်း နိုင်ငံခြားသူ K-pop idol အဖွဲ့ကိုလည်း မိန်းကလေးတွေချည်း သီးသန့်ဖွဲ့ကာ မွေးထုတ်ဖို့ အစီအစဉ်ရှိတာကြောင့် စိတ်ဝင်စားရင် ဒီလထဲမှာပဲ တောင်ကိုရီးယားကို ခေါ်သွားမယ်ဆိုပြီးတော့လည်း ပြောခဲ့ပါသေတယ်တဲ့။ သိကြတဲ့အတေိုင်း ကမ္ဘာမှာ အကျော်ကြားဆုံးအနုပညာလောကတစ်ခုက ကိုယ့်ကိုလာကမ်းလှမ်းတယ်ဆိုတော့ ဘယ်သူမဆိုအပျော်လွန်မိကြမှာပါပဲ။

READ
အရုပ်မနဲ့ချစ်ကြိုက်မိနေတဲ့ ကိုရီးယားအမျိုးသား
Naumova Ekaterina/shutterstock

ဒါနဲ့ ဘရာဇီးကနေ အဲဒီအမျိုးသားနဲ့ တောင်ကိုရီးယားကို ၇ ယောက်တိတိပါလာခဲ့ပါတော့တယ်။ တောင်ကိုရီးယားကို ခြေချချချင်းမှာပဲ အမျိုးသမီး ၇ ယောက်လုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို အဲဒီအမျိုးသားက စုသိမ်းသွားခဲ့ပြီးနောက် အခုလာခဲ့တဲ့ လေယာဉ်စရိတ်စကတွေအတွက် အကြွေးအရင်ဆပ်ရမယ်လို့ ပြောခဲ့ပြီးနောက် တစ်ယောက်ကို ဒေါ်လာ ၁,၆၅၀ ဆီနဲ့ ပြည့်တန်ဆာခေါင်း ၂ ယောက်ဆီကို ၇ ယောက်လုံးရောင်းစားပစ်ခဲ့ပါတော့တယ်။

သြဂုတ်လမှာတော့ အဲဒီအမျိုးသမီး ၇ ယောက်ထဲက တစ်ယောက်ကနေပြီး တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ဘရာဇီးသံရုံးကိုဖုန်းဆက်ကာ ဖြစ်စဉ်တွေကို အကျဉ်းချုံးပြောပြကာ သူတို့ကိုလာကယ်ဖို့အတွက်တောင်းဆိုခဲ့ပါတော့တယ်။ အဲဒီအခါကျမှ တောင်ကိုရီးယားရဲတပ်ဖွဲ့နဲ့ဘရာဇီးသံရုံးတို့ပူးပေါင်းကာ အမျိုးသမီးပြောတဲ့နေရာကို အင်အားသုံးဝင်ရောက်စီးနင်းခဲ့ကြပါတော့တယ်။ စုစုပေါင်း လူကုန်ကူးပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သက်သူအမျိုးသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ဘရာဇီးသူအမျိုးသမီး ၇ ယောက်လုံးကိုလည်း ကယ်တင်နိုင်ခဲ့ပါတော့တယ်။ အခုအချိန်မှာတော့ အမျိုးသမီးလေး ၇ ယောက်ဟာ လုံခြုံစိတ်ချရတဲ့ ရွှေ့ပြောင်းနေထိုင်သူစခန်းမှာ စောင့်ရှောက်ခံထားခဲ့ရပြီး ဖမ်းဆီးမိခဲ့တဲ့ လူတွေကိုတော့ ကြိုးကိုင်သူတွေပါ ပေါ်ပေါက်အောင် ရုံးတင်အမှုစစ်ဆေးနေခဲ့ကြပါတယ်။

ဒါဟာ ဘရာဇီးနဲ့တောင်ကိုရီးယားတို့ကြားမှာ ဖြစ်သွားခဲ့တဲ့အမှုဆိုပေမယ့်လို့ ကိုရီးယားအနုပညာတွေ အများကြီးလွှမ်းမိုးလျက်ရှိနေကြတဲ့ နိုင်ငံတွေအတွက် သတိထားစရာကိစ္စတစ်ခုလို့မြင်မိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။

structuresxx/shutterstock

Penny

SHARE