အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် ဆီးချိုရောဂါ ပိုဖြစ်လွယ်ကြောင်း သိရ

Pexels/rawpixel.com

မကြာသေးခင်က သိရှိရတဲ့ လေ့လာချက်တစ်ခုအရ အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် ပိုပြီး ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေတယ်လို့ worldofbuzz သတင်းတစ်ခုမှာ ဆိုပါတယ်။ ဆေးသိပ္ဗံဂျာနယ် Diabetologia အရ လူတစ်ယောက်ဟာ (၁၀) စင်တီမီတာ အရပ်ပိုရှည်တိုင်း အမျိုးသားဆိုရင် ဆီးချိုဝေဒနာ စွဲကပ်နိုင်ခြေ (၄၁) ရာခိုင်နှူန်း လျော့နည်းပြီး အမျိုးသမီးဆိုရင်တော့ (၃၃) ရာခိုင်နှူန်း လျော့နည်းကြောင်း ဆိုပါတယ်။ ဒါကြောင့် အရပ်ပုသူတွေဟာ ဆီးချိုစွဲကပ်နိုင်ခြေများပြီး အကြောင်းရင်းတော့ အသည်းအဆီဖုံးနိုင်ခြေမြင့်မားခြင်းဖြစ်တယ်လို့ သိရပါတယ်။

၎င်းသုတေသနကို ပြုလုပ်ခဲ့ကြတဲ့ စာရေးသူတွေကတော့ အရပ်ပုသူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာတွေကိုလည်း အရပ်ရှည်သူတွေထက် ပိုခံစားရနိုင်ခြေများတယ်ဆိုပြီးလည်း သုံးသပ်ထားပါသေးတယ်။ အရပ်ရှည်သူတွေမှာ အင်ဆူလင် တုံ့ပြန်နိုင်စွမ်းနဲ့ ပန်ကရိယထဲမှာရှိတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေဟာ ပိုပြီးကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တာကို တွေ့ရကြောင်းလည်း ဆိုပါတယ်။ ဒီလေ့လာချက်ကတော့ အသက်(၄၀) ကနေ (၆၅) နှစ်အတွင်းမှာရှိတဲ့ အမျိုးသမီးဦးရေ (၁၆,၆၀၀) နဲ့ အမျိုးသားဦးရေ (၁၁,၀၀၀) ကျော်တို့ကို ဂျာမနီမှာ သုတေသနပြုကာ သိရှိရတဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

Pexels/rawpixel.com

လူတစ်ဦးရဲ့အရပ်ဟာ ဆီးချိုဖြစ်ပွားနိုင်ခြေကို ခန့်မှန်းရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီးတော့ ပညာရှင်တွေက ရေးသားထားခဲ့တာပါ။ ဖြစ်ပွားနိုင်တဲ့ ဆီးချိုဝေဒနာကတော့ အဆင့်() ဆီးချိုရောဂါဖြစ်ပါတယ်။ ဆီးချိုရောဂါမှာ အမျိုးအစား နှစ်မျိုးရှိပြီး ပထမတစ်မျိုးကတော့ လူနာငယ်ရွယ်စဉ်မှာ ဖြစ်ပွားတတ်ပြီး အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် (သွေးတွင်းအချိုဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်း) အလုံအလောက် မထုတ်လုပ်နိုင်လို့ ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ လူနာရဲ့ ခန္ဓာကိုယ်ဟာ အင်ဆူလင်တော့ ထုတ်နိုင်ပေမယ့် သွေးထဲက အချိုဓာတ်ကို ကျေညက်အောင် ကျေဖျက်ဖို့ မစွမ်းနိုင်တော့လို့ ဖြစ်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေဟာ အစားအသောက်ကို ဆင်ခြင်စားသောက်သင့်ပြီး အစားအသောက်ကြောင့်ပဲ သွေးထဲမှာ အချိုဓာတ်တွေများကာ ဒုက္ခတွေ့တတ်ပါတယ်။ ဆီးချိုဟာ အ၀လွန်ခြင်းနဲ့ ဆက်စပ်နေတဲ့အပြင် အချိန်ကြာလာတဲ့အခါ အခြားဆက်စပ်ဝေဒနာတွေပါ ခန္ဓာကိုယ်မှာ ကပ်တွယ်လာတတ်ပါတယ်။ ဥပမာ မျက်လုံးအမြင်ကွယ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ နှလုံးရောဂါ၊ လေဖြတ်တာနဲ့ အခန့်မသင့်ရင် ကိုယ်လက်အစိတ်အပိုင်းတွေကို ဖြတ်တောက်ရတာမျိုးတွေအထိ ဖြစ်ပွားနိုင်ကြောင်းလည်း သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE