သင်တတ်နိုင်တာထက် ပိုက်ဆံတွေပိုသုံးမိနေကြောင်း ပြတဲ့ အချက်(၅)ခု

Shutterstock

ကိုယ်က ပိုက်ဆံတွေ လှိမ့်ဝင်နေတဲ့ စီးပွားရေးသမားတစ်ယောက်မဟုတ်ပေမယ့် ကိုယ်ရတဲ့တစ်လစာ ၀င်ငွေက နည်းတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် လကုန်ခါနီးပြီဆိုရင် အိပ်ထဲမှာ တစ်ပြားမှ မကျန်တော့ဘူး။ တချို့လတွေဆိုရင် အကြွေးပါ တင်နေသေးတယ်။ ကိုယ့်မှာ ၀င်ငွေပမာဏတစ်ခု ရှိပေမယ့် ၀င်ငွေနဲ့ ထွက်ငွေက မမျှတဲ့အခါ လကုန်ခါနီးတိုင်း ပြဿနာ တစ်ခု မဟုတ် တစ်ခုနဲ့ ရင်ဆိုင်ရတော့တာပါပဲ။ အထူးသဖြင့် ဒီလိုအချက်တွေကို လုပ်မိနေပြီဆိုရင် သင်ဟာ တတ်နိုင်ထက် ပိုက်ဆံတွေ ပိုသုံးနေမိပြီဆိုတာ ပြနေတာပါ။ အဲဒါတွေက ဘာတွေလဲဆိုတော့….

(၁)။ သင့်ဝင်ငွေထက်ပိုပြီး ပိုက်ဆံတွေသုံးမိနေတာ

သင့်ရဲ့ဝင်ငွေက တစ်လကို (၅)သိန်းလောက်ဆိုပေမယ့် သင်သုံးနေတာက တစ်လကို (၅)သိန်းထက်များတဲ့ ပမာဏဖြစ်နေပြီဆိုရင် ပြဿနာ ရှိနေပြီလေ။ တစ်လ၊ နှစ်လ လောက်သာ သင် အဲဒီအနေအထားကို ဖြေရှင်းလို့ ရမှာဖြစ်ပေမယ့် ဆက်တိုက်တွေ ဖြစ်လာခဲ့ရင်တော့ သင့်မှာ အကြွေးတွေအများကြီး တင်လာတော့မှာပါ။ အကောင်းဆုံးကတော့ သင့်အနေနဲ့ အသုံးစရိတ်တွေကို သေချာ စိစစ်ဖို့လိုပြီး ကိုယ့်ရဲ့လစာနဲ့လောက်ငအောင် သုံးတတ်ဖို့ ပြင်ဆင်ရမှာပါ။

READ
ရန်ကုန်မြို့ကြီးမှာနေတဲ့သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာအကောင်းဆုံးအရာ(၄)မျိုး
Shutterstock

(၂)။ Credit Card ကို မကြာခဏသုံးနေမိတယ်

Credit Card နဲ့ သုံးရတာက ကိုယ့်ဆီက ပိုက်ဆံ ချက်ချင်းထွက်မသွားတာကြောင့် တစ်ခုခုဆိုရင် Credit Card နဲ့ ပေးချေဖို့ စဉ်းစားမိတတ်ကြတာပါ။ ဒါပေမယ့် အဲဒီအကျင့်ကြီးက စွဲသွားတတ်ပြီး သင့်ဆီမှာ Credit Card ကြောင့် အကြွေးတွေ ပိုတိုးလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ ရင် မဆိုင်ချင်ဘူးဆိုရင် Credit Card သုံးတာကိုလည်း လျော့သင့်တာပါ။

(၃)။ သင့်ဝင်ငွေရဲ့ (၄၀)ရာခိုင်နှုန်းကျော်ကို နေထိုင်စရိတ်အတွက်သုံးနေရမယ်

သင်ရတဲ့လစာရဲ့ (၄၀)ရာခိုင်နှုန်းကျော်ကို အခန်းငှားခ၊ အိမ်ငှားခ စတာတွေအတွက် သုံးနေရပြီဆိုရင် သင့်ဆီမှာ ပိုက်ဆံတွေ မစုမိတာမျိုး၊ လစာနဲ့သုံးငွေ မလောက်ငှတာမျိုး ဖြစ်နိုင်ပါတယ်။ သင့်ရဲ့လစာက (၅)သိန်းလောက်ပေမယ့် အိမ်ငှားခအတွက် (၂)သိန်းလောက် သုံးနေရပြီဆိုရင် ကျန်တဲ့ပိုက်ဆံလေးကို သင် စီမံခန့်ခွဲရမှာ ခက်တော့မှာလေ…။

READ
လွယ်လွယ်ကူကူ မော်ဒယ်ဖြစ်နိုင်ပါရက်နဲ့ ၀ါသနာမပါဘူးဆိုတဲ့ အချောအလှများ
Shutterstock

(၄)။ သင့်ပတ်ဝန်းကျင်ကလူတွေ အထင်ကြီးဖို့အတွက် ပစ္စည်းတွေဝယ်နေမိတာ

ကိုယ့်အတွက် တကယ်အသုံးလိုတာမျိုးမဟုတ်ပေမယ့် ကိုယ့်ပတ်ဝန်းကျင်က လူတွေသုံးလို့ လိုက်သုံးတာမျိုး၊ သူတို့ ၀တ်လို့ လိုက်ဝတ်တာမျိုးတွေက သင့်ရဲ့ ၀င်ငွေတွေကို ထိခိုက်စေမှာပါ။ သင့် သူငယ်ချင်းတွေသွားတဲ့ ပျော်ပွဲရွှင်ပွဲတိုင်းကို လိုက်သွားနေမိတာမျိုး၊ သူတို့ခရီးသွားတိုင်းလိုက်ချင်နေတာမျိုး၊ သူတို့တက်တဲ့သင်တန်းတွေကို လိုက်ပြီးတက်ချင်တာမျိုးတွေက သင်တတ်နိုင်တာထက် ကျော်လွန်သွားတဲ့ ပိုက်ဆံပမာဏကို သုံးနေမိသလို ဖြစ်စေမှာပါ။

(၅)။ ပိုက်ဆံမစုမိတာ

တစ်လပြီး တစ်လ သာ ကုန်သွားတယ်၊ သင့်ဆီမှာ ပိုက်ဆံလေး နည်းနည်းတောင် မစုမိဘူးဆိုရင်လည်း သင်ဟာ လိုတာထက် ပိုပြီး သုံးမိနေပြီဆိုတာ သတိထားပါ။ သင်က လိုအပ်တာလေးတွေပဲ ၀ယ်ပြီး သုံးတတ်တဲ့သူ၊ ကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကို လောက်ငအောင် သုံးတတ်တဲ့သူဆိုရင် အနည်းနဲ့အများတော့ သင့်ဆီမှာ ပိုက်ဆံစုမိမှာပါပဲ။ ဒီလိုမှမဟုတ်ပဲ အချိန်တွေသာကုန်သွားတယ်၊ ပိုက်ဆံမစုမိဘူးဆိုရင်တော့ သင့်အနေနဲ့ မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံသုံးမိနေပြီဆိုတာ သတိထားပါတော့….။

Linn

SHARE