ဗီဒီယိုဂိမ်းတွေဟာ အပြင်လောကနဲ့ အရမ်းကိုနီးစပ်ပြီး လက်တွေ့ကျတယ်ဆိုတာကို gamer တစ်ဦးက ပြိုင်ကားမောင်းပွဲတစ်ပွဲမှာ သက်သေပြသွားခဲ့တဲ့ ဖြစ်ရပ်ပါ။
ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက Enzo Bonito လို့ အမည်ရတဲ့ ၂၃ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဖော်မြူလာဝမ်း ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ Lucas di Grassi ကို မက္ကဆီကိုက ပြိုင်ကားပွဲတစ်ခုမှာ အနိုင်ရခဲ့ပါတယ်။ ဒါဆို ဒါဟာ ဘာထူးခြားမှုရှိတာလဲ။ ထူးခြားမှုကတော့ Enzo ဟာ ပြိုင်ကားကို ဂိမ်းထဲမှာပဲ မောင်းဖူးတာပါ။


Race of Champions (ROC) ဆိုတဲ့ ကားမောင်းပြိုင်ပွဲဟာ ၁၉၈၈ ခုနှစ်ကစလို့ မက္ကဆီကိုမှာ နှစ်စဉ်ကျင်းပခဲ့ပါတယ်။၂၀၁၈ ခုနှစ်မှာတော့ ထိုပြိုင်ပွဲမှာ ကားမောင်းပြိုင်တဲ့ ဗီဒီယိုဂိမ်းကစားသူတွေကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးခဲ့ပါတယ်။ ကားမောင်းပြိုင်တဲ့ ဂိမ်းတွေဖြစ်ကြတဲ့ “sim racing” တို့ “virtual motorsports” တို့ဟာဆိုရင် first-person shooter ဂိမ်းတွေ၊ ဗျူဟာသုံးရတဲ့ ဂိမ်းတွေလိုတော့ မဟုတ်ဘဲ တကယ့်ကားပြိုင်ပွဲတွေမှာ လုပ်ရတဲ့အတိုင်း ကားနဲ့ပတ်သက်တာတွေကို သေချာထဲထဲဝင်ဝင် လေ့လာပြီးမှ ပြိုင်ရတဲ့ ဂိမ်းပါ။


ဂိမ်းထဲမှာ ကားမောင်းရတာကလည်း ကီးဘုတ်နဲ့ မောက်စ်တို့ကို အသုံးပြုရတာလည်း မဟုတ်ဘဲ တကယ့်စတီယာတိုင်တွေ ခြေနင်းတွေ အသုံးပြုရတာပါ။ တကယ့်ပြိုင်ကားမောင်းသမားတွေကတော့ အနှစ်နှစ် အလလ ကားမောင်းကျင့်ကြရပေမယ့် esport ရဲ့ ပရိုဂိမ်မာ ပြိုင်ကားသမားတွေက ဂိမ်းထဲက အတွေ့အကြုံနဲ့တင် အပြင်မှာပါ ချန်ပီယံဖြစ်လာနေကြပါပြီ။ တစ်နည်းအားဖြင့် ဂိမ်းထဲမှာ ကားမောင်းကျွမ်းကျင်ရင် အပြင်လက်တွေ့မှာပါ ပြိုင်ကားတွေကို ကောင်းကောင်းမောင်းတတ်ဖို့ လွယ်ကူတယ်ဆိုတာပါ။


Esports ကားမောင်းပြိုင်ပွဲတွေကတော့ ၂၀၁၆ လောက်က စခဲ့ကြတာပါ။ တကယ့်ပြိုင်ကားအဖွဲ့အစည်းတွေလိုပဲ သူတို့လည်း အဖွဲ့အစည်း ကြီးမားကြပါတယ်။ ဒါပေမယ့် ဂိမ်းထဲမှာ ကားမောင်းကျွမ်းကျင်သူက အပြင်မှာပါ အခုလို စွမ်းဆောင်နိုင်တယ်ဆိုတာကတော့ Enzo Bonito က ပထမဆုံးပါပဲ။
Ref: Futurism