ဘတ်စ်ကားခေါင်မိုးပေါ်မှာ စိုက်ပျိုးထားတဲ့ စင်ကာပူရဲ့ ပထမဆုံး ရွေ့လျားဥယျာဉ်

စင်္ကာပူနိုင်ငံဟာ အများပြည်သူသုံးဘတ်စ်ကားပေါ်မှာ အပင်စိုက်ပျိုးတဲ့ အာရှတိုက်ရဲ့ ပထမဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ ဘတ်စ်ကားပေါ်မှာ အပင်စိုက်ပျိုးခြင်းအားဖြင့် ကားအတွင်းပိုင်းမှာရှိတဲ့ အပူချိန်ကို လျော့ချနိုင်ဖို့ ရွေ့လျားဥယျာဉ်ပရောဂျက်နဲ့ စင်္ကာပူဟာ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဆိုပါ ပရောဂျက်ဟာ (၃) လတာ ကြာမြင့်မှာ ဖြစ်တဲ့အပြင် ဘတ်စ်ကားတွင်း အဲယားကွန်းအသုံးပြုခြင်းအတွက် ကုန်ကျမယ့် လောင်စာဆီပမာဏကို လျော့ချပေးနိုင်ဖို့လည်း မျှော်လင့်နေပါတယ်။

စမ်းသပ်ချက်ကာလမှာတော့ ဘတ်စ်ကား(၁၀) စီးပါဝင်မှာ ဖြစ်ပြီး တိုပါးရိုး၊ တန်းပနိစ်နဲ့ အောချက်လမ်းတွေဆီ သွားတဲ့ ဘတ်စ်ကားနံပတ် ၁၃၉၊ ၁၄၅၊ ၁၃၊ ၃၉ နဲ့ ၄၅ တို့ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဘတ်စ်ကားပေါ်မှာတော့ အပင်တွေကို မြေမလိုပဲ စိုက်တဲ့နည်းစနစ် Gaiamat ကို အသုံးပြုပြီး စိုက်ပျိုးမှာဖြစ်ပါတယ်။ အဆိုပါရွှေ့လျားဥယျာဉ်ကိုတော့ မြို့ပြစိမ်းလန်းရေးအထူးစပယ်ရှယ်လစ်ဖြစ်တဲ့ GWS Living Art က စတင်အကောင်အထည်ဖော်ခဲ့တာပါ။ အထူးသဖြင့် မြို့တွေကို သဘာဝနဲ့ တစ်သားတည်းဖြစ်စေပြီး အပင်တွေရဲ့ အရေးကြီးမှုကို သိစေမြင်စေလိုတဲ့အတွက်ကြောင့်လို့ တာဝန်ရှိသူက ဆိုပါတယ်။

READ
လေကာမှန်နဲ့ အမိုးမပါတဲ့ ဒေါ်လာ ၉၅၀,၀၀၀ တန် Aston Martin ကားအသစ်

အပင်ကွက်တစ်ကွက်ဟာ အကျယ်(၁.၈ x ၁.၀၅) မီတာရှိပြီး အလေးချိန် ကီလိုဂရမ်(၄၀) ရှိပါတယ်။ ပရောဂျက်ရဲ့ စမ်းသပ်ချက်ကာလ (၃) လကြာအပြီးမှာတော့ အပင်တွေကို ဘတ်စ်ကားတွေပေါ်မှာ ထပ်စိုက်မလား၊ မစိုက်တော့ဘူးလားဆိုတာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ စင်္ကာပူအမျိုးသားတက္ကသိုလ်က ဒေါက်တာ တဲရန့်စ်တန်ကတော့ ပုံမှန်အားဖြင့် အပင်တွေကို အမိုးအနေနဲ့ ခေါင်းမိုးမှာ စိုက်တယ်ဆိုတာ အဆောက်အဦးခေါင်မိုးတွေပေါ်မှာသာ ရှိကြောင်းနဲ့ အခုကတော့ ထူးထူးခြားခြားပဲ ဘတ်စ်ကားခေါင်မိုးပေါ်မှာ အပင်စိုက်တာပါလို့ ဆိုပါတယ်။ အခုလို ရွေ့လျားဥယျာဉ်နည်းနဲ့ သစ်ပင်စိုက်ပျိုးတဲ့အခါ အရမ်းပူတဲ့နေ့တွေမှာဆိုရင် (၂၀-၃၀) ဒီဂရီလောက် အပူချိန်ကို လျော့ချပေးနိုင်တယ်လို့ ဒေါက်တာတဲရန့်စ်က ပြောပြခဲ့ပါသေးတယ်။

https://www.facebook.com/singapore.gbc/posts/2499260643442011

ပုံမှန်စိုက်ပျိုးတဲ့ မြေကြီးပါတဲ့ အပင်စိုက်စနစ်မှာဆိုရင် လတိုင်းအပင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်ပေမယ့် Gaiamat စနစ်နဲ့သာဆိုရင် တစ်နှစ်မှာ (၂) ကြိမ် (၃) ကြိမ်လောက်ပဲ ပြုပြင်ထိန်းသိမ်းဖို့ လိုတယ်လို့ သိရပါတယ်။ NUS School of Design and Environment က တွဲဖက်သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ တန်ကတော့ “ကျွန်းပေါ်မှာရှိတဲ့ အပူဒဏ်ကို ခံနိုင်ဖို့အတွက် ပြင်ပပတ်ဝန်းကျင်မှာရှိနေတဲ့ အပူချိန်တွေကို လျော့ချဖို့ လိုပါတယ်။ ဒါကြောင့်လည်း အခုလို ယာဉ်တွေပေါ်မှာ အပင်စိုက်ပျိုးရတာပေါ့။ တကယ်လို့ ကျွန်တော်တို့ဟာ ယာဉ်တွေနဲ့ အဆောက်အဦးတွေပေါ်မှာ အခုလို ဥယျာဉ်လေးတွေ စိုက်ပျိုးထားမယ်ဆိုရင် ပြင်ပအပူချိန်ကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ပါလိမ့်မယ်…” လို့ ပြောပြပါတယ်။

READ
ပင်လယ်ဆားငံရေကို သောက်သုံးရေအဖြစ်ပြောင်းလဲပေးမယ့် ကင်ညာက နည်းပညာ

လင်းလင်း (ShweMom)

Ref: asiaone

SHARE