အိပ်ရေးပျက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်နေကြောင်းသိရ

Pexels/bruce mars

ကမ္ဘာကျော် ဟားဗက်တက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုအရ အိပ်ရေးပျက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာမကျန်းမမာဖြစ်မှုတွေနဲ့ ဆက်နွယ်မှုရှိကြောင်း သိရပါတယ်။ ညတိုင်း ပုံမှန်လုံလောက်တဲ့ အိပ်ချိန်မရသူတွေမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးချို့ယွင်းမှုပြဿနာတွေ (၂၀) ရာခိုင်နှုန်းတိုးလာတာကို တွေ့ရှိရပါတယ်။

ကောလိပ်ကျောင်းသားတစ်ဦးအနေနဲ့ လုံလောက်တဲ့ အိပ်စက်ချိန်မရှိပဲ အိပ်ပျက်ညတွေပိုပိုများလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုမိုတွေ့ကြုံခံစားရနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်အနားယူမှုမရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ (၁၉-၂၉) ရာခိုင်နှုန်းထိ တိုးလာပါတယ်။

Pexels/Pixabay

ညစဉ်ညတိုင်း လုံလောက်တဲ့အိပ်စက်အနားယူမှုမရတဲ့အခါ အထီးကျန်မှုဟာ (၁၉) ရာခိုင်နှုန်းတိုးလာပြီး စိတ်ဓာတ်ကျနေတဲ့ခံစားချက်က (၂၁) ရာခိုင်နှုန်း၊ စိတ်လှုပ်ရှားမှုက (၂၅) ရာခိုင်နှုန်း၊ ကိုယ့်ကိုကိုယ် ထိခိုက်အနာတရဖြစ်အောင် လုပ်ဆောင်လိုမှုက (၂၅) ရာခိုင်နှုန်း၊ သေကြောင်းကြံစည်လိုမှု (၂၅) ရာခိုင်နှုန်းနဲ့ ပင်ပန်းနွမ်းနယ်မှု (၂၉) ရာခိုင်နှုန်းစီ အသီးသီးတိုးလာကြောင်းကို တွေ့ခဲ့ရပါတယ်။

READ
လေ့ကျင့်ခန်းမလုပ်ဘဲ အလွယ်တကူဝိတ်လျှော့နည်းများ

ဝါရှင်တန်တက္ကသိုလ်က အာရုံကြောဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာ ရာမန်မာလ်ဟိုထရာကတော့ ကျောင်းသူကျောင်းသူတွေရဲ့ အိပ်စက်ချိန်နဲ့ ၄င်းတို့ရဲ့ စိတ်ကျန်းမာရေးက အများကြီးဆက်နွယ်မှုရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေနဲ့ တက္ကသိုလ်တွေဟာ ကျောင်းသူကျောင်းသားတွေကို  ပြင်ပခန္ဓာကိုယ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပေးရုံနဲ့တင်မပြီးပဲ အိပ်ရေးလုံလောက်အောင် အိပ်ခိုင်းခြင်းဖြင့် စိတ်ကျန်းမာရေးကိုပါ ကောင်းမွန်အောင် ပြုစုစောင့်ရှောက်ပေးသင့်ကြောင်း ဒေါက်တာရာမန်က ဆိုခဲ့ပါသေးတယ်။

Pexels/John-Mark Smith

လုံလောက်တဲ့အိပ်စက်မှုရခြင်းဟာ ကျောင်းသူကျောင်းသားတွေတင်မကပဲ အားလုံးအတွက်အရေးကြီးပါတယ်။ တကယ်လို့ ကိုယ်က ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာမျိုး မရှိဘူးဆိုရင်တော့ နေ့စဉ်ဘ၀လူနေမှုပုံစံကို ပြောင်းလဲသင့်ပါတယ်။ ကဖင်းဓာတ်များတဲ့ အစားအသောက်တွေကိုရှောင်တာ၊ အယ်လ်ကိုဟော၊ နီကိုတင်းတွေကိုရှောင်တာ၊ စိတ်တည်ငြိမ်အေးချမ်းမှုရှိဖို့အတွက် တရားထိုင်တာ၊ လိုအပ်ရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပြီး ဆေးဝါးမှီဝဲတာတွေကိုပါ ပြုလုပ်သင့်ပါတယ်။

လင်းလင်း (ShweMom)

SHARE