ပညာရှင်တစ်ဦးပြောထားတဲ့ ည(၁၂) နာရီမတိုင်ခင် အိပ်စက်ခြင်းရဲ့အရေးကြီးပုံ

pexels/Ketut Subiyanto

ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ရဖို့ဆိုတာ ထင်သလောက်မရိုးရှင်းပါဘူး။ နေ့ဘက်မှာ စိတ်ဖိစီးမှုလည်းများ၊ တစ်နေ့လုံးအသွားအလာအထိုင်အထလည်း နည်းနေရင် ညဘက်စောစောအိပ်ပျော်ဖို့ခက်ပါတယ်။ အိပ်စက်ခြင်းပညာရှင်နဲ့ Tired but Wired: The Essential Sleep Toolkit ကိုရေးသားသူ ဒေါက်တာ Nerina Ramlakhan ကတော့ အိပ်ချိန်ပမာဏလိုပဲ လူတစ်ဦးရဲ့အိပ်စက်တဲ့အချိန်ဟာ အရေးကြီးတယ်လို့ ရှင်းပြပါတယ်။

“ဦးနှောက်ထဲမှာ ဧရိယာတစ်ခုရှိပါတယ်။ အဲ့ဒီနေရာကို ဇီဝနာရီဇယားလို့ခေါ်တယ်။ သူက ပတ်ဝန်းကျင်ရဲ့ အလင်းအမှောင်ကိုလိုက်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းရဲ့ လုပ်ငန်းဆောင်တာနဲ့ လှုပ်ရှားမှုတွေကို ချိန်သားကိုက်အောင်ကူညီပေးတယ်။ ဒါကြောင့် အလင်းပမာဏဟာ နေရာတစ်ခုထိကျဆင်းသွားပြီဆိုတာနဲ့ သူက မျက်လုံးကိုဖြတ်ပြီး ဦးနှောက်က ပီနီယယ်ဂလင်းကို သတင်းပို့တယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲလ်တိုင်းဟာ သူ့တို့လုပ်စရာရှိတာကို စပြီး ချိန်ညှိလှုပ်ရှားတော့တာပဲ။” လို့ဆိုပါတယ်။

READ
နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေတဲ့ အံ့ဖွယ်ဓာတ်စာများ
pexels/Andrea Piacquadio

တကယ်လို့ စာဖတ်သူဟာ အိပ်ချိန်ရောက်တဲ့အခါမအိပ်ခဲ့ရင် ခန္ဓာကိုယ်က ဒီလိုတုံ့ပြန်မှုကို ကောင်းကောင်းသိနေမှာဖြစ်ပါတယ်။ ဒေါက်တာ Nerina ကတော့ ညဘက်မှာအိပ်ဖို့အတွက် အကောင်းဆုံးအချိန်ဟာ ၁၀နာရီခွဲအချိန်လို့ဆိုပါတယ်။ “ည၁၂နာရီမတိုင်ခင် မိနစ်၉၀ အချိန်ပထမပိုင်းဟာ အိပ်စက်တဲ့နေရာမှာ အရမ်းအရေးကြီးတဲ့အချိန်တစ်ခုပါပဲ။ ဒီအချိန်အိပ်တာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အဆင့်ပမာဏအမျိုးမျိုးကို ခွန်အားဖြည့်တင်းပေးတယ်။ အိပ်စက်ချိန် ပထမပိုင်းမှာ ခန္ဓာကိုယ်က အများကြီးhealing လုပ်ပါတယ်။”

ဒီလိုခန္ဓာကိုယ်ဟာ သူ့ဘာသူအလိုအလျောက် ကုသတဲ့နေရာမှာ အရေပြားလည်းပါဝင်ပါတယ်။ အရေပြားရဲ့ဆဲလ်ထုတ်လုပ်နှုန်းဟာ ည၁၁နာရီကနေ မနက်၎ နာရီကြားမှာ နှစ်ဆတိုးပါတယ်။ တကယ်လို့သာ အဲ့ဒီအချိန် စာဖတ်သူအိပ်မောကျနေတယ်ဆိုရင် ဆဲလ်ထုတ်လုပ်နှုန်းက ဒီထက်တောင် မြန်နိုင်ပါသေးတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ည၁၂နာရီနောက်ပိုင်းမှ အိပ်ရာဝင်ရင်တော့ ညဘက် ခန္ဓာကိုယ်ရဲ့အရေပြားကုထုံးအပေါ် ထိခိုက်ပျက်စီးမှုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အိပ်ချိန်နည်းနည်းလေ ခန္ဓာကိုယ်ဟာ အသားအရေအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့အချိန် နည်းလေလေပဲဖြစ်ပါတယ်။

READ
ကျောနာဝေဒနာကိုသက်သာစေဖို့အိပ်ရာပေါ်မှာတင်အလွယ်တကူပြုလုပ်နိုင်တဲ့နည်းလမ်းများ
pexels/Sam K

အလားတူပဲ စိတ်အနေနဲ့ တစ်နေ့တာအခြေအနေတွေကို သတ်သတ်မှတ်မှတ်ထားဖို့ အရေးကြီးပါတယ်။ စောစောအိပ်တဲ့အခါ တစ်နေ့တာအတွင်း ဖြစ်ခဲ့တာတွေကို တစ်ခုနဲ့တစ်ခုမရောစေဘဲ ဦးနှောက်ဟာ ဖိုင်အလိုက်သိမ်းဆည်းဖို့ အခွင့်အရေးပိုရစေပါတယ်။ ဒါဟာ မှတ်ဉာဏ်တွေကို ရှင်းလင်းစေပြီး အာရုံစူးစိုက်မှုစွမ်းအားကိုပိုကောင်းစေပါတယ်။

“ဦးနှောက်အတွက်တော့ ဒါ အရမ်းအရေးကြီးတဲ့ အဆင့်ပါပဲ။ တစ်နေ့တာလုံး ကျွန်မတို့ကြုံတွေခဲ့တာတွေကို သန်းခေါင်မတိုင်ခင် ပထမပိုင်းအိပ်ချိန်မှာ ဦးနှောက်က စီစဉ်တကျဖြစ်အောင် ပြန်မှတ်သားပေးပါတယ်။ ပြီးတော့ အဲ့ဒီအိပ်ချိန်ဟာ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်တယ်။ ဒါကြောင့် စိတ်ဖိစီးတွေသိပ်များနေရင် ည၁၂နာရီမတိုင်ခင် အဲ့ဒီအဆင့်ကိုရအောင် အိပ်သင့်ပါတယ်။” လို့လည်း ဒေါက်တာ Nerina  က ရှင်းပြသွားခဲ့ပါသေးတယ်။

ShweMom

SHARE