ဆွံ့အနားမကြား ဝေဒနာရှင်တွေအတွက် စမတ်လက်အိတ် တီထွင်ခဲ့တဲ့ လူငယ်လေး

ကမ္ဘာတစ်ဝှမ်းက လူပေါင်းသန်း(၃၀)ဟာ စကားပြောဆိုမှုပိုင်းဆိုင်ရာမှာ အားနည်းချို့ယွင်းချက်တွေ ရှိကြတဲ့ ဆွံ့အနားမကြားဝေဒနာရှင်တွေ ဖြစ်ကြပါတယ်။ ထိုသူတွေအဖို့ စကားပြောဆိုရာမှာ အခက်အခဲရှိတာကြောင့် လူသားချင်း ဆက်သွယ်ပြောဆိုမှုမှာ လက်သင်္ကေတဘာသာစကားတွေကို သုံးပြီးပဲ ဆက်သွယ်ေလ့ရှိပါတယ်။ ဒါပေမယ့် လက်သင်္ကေတ ဘာသာစကားတွေ ဆိုတာကလည်း လူတိုင်းမသိတဲ့ ဘာသာစကားမို့လို့ လက်ရှိအချိန်ထိ ဆက်သွယ်ရေးမှာ အခက်အခဲဖြစ်နေဆဲပါ။ ဒီအခက်အခဲကို အသက်(၂၅) နှစ်အရွယ် Roy Allela က သိရှိနားလည်ခဲ့ပြီး တီထွင်မှုအသစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။

Image credits: African Curators

Roy ဟာ အောက်စဖို့ဒ်တက္ကသိုလ်က Intel and tutors data science မှာ အလုပ်လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ လက်သင်္ကေတဘာသာစကားတွေကို စကားသံအဖြစ် ပြောင်းလဲပေးနိုင်တဲ့ စမတ်လက်အိတ်တစ်မျိုးကို တီထွင်ခဲ့ပါတယ်။ Roy မှာ အသက်(၆) နှစ်အရွယ် တူမလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ တူမလေးက မွေးကတည်းက နားမကြားတဲ့အတွက် မိသားစုတွင်း ဆက်ဆံရေးမှာ အဆင်မပြေခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကလေးမလေးရဲ့ မိဘတွေက လက်သင်္ကေတဘာသာစကားကို နားမလည်လို့ ဖြစ်ပါတယ်။

READ
အသက်၆၀မှ ကွန်ပျုတာကို စသုံးခဲ့ပြီး အသက်၈၁နှစ်မှာ Iphone appကိုရေးခဲ့တဲ့ အဖွားအို
Image credits: African Curators

ဒါကြောင့် Roy ဟာ တူမလေးရဲ့ အဖြစ်ကို စာနာပြီး ဆက်သွယ်ရေးလွယ်ကူအောင် လုပ်ပေးနိုင်တဲ့ ကိရိယာတစ်ခုကို တီထွင်ခဲ့ပါတယ်။ ၄င်းကိရိယာကို Roy ဟာ Sign-IO လို့ အမည်ပေးထားပြီး ၄င်းမှာ လက်အိတ်လက်ချောင်းတစ်ခုစီအတွက် အာရုံခံကိရိယာလေးတွေ ပါဝင်ပါတယ်။ အာရုံခံကိရိယာလေးတွေဟာ လက်အကွေးအဆန့်နဲ့ ပုံဖော်ထားတဲ့ စကားလုံးတွေကို မှတ်ထားပါတယ်။ ယင်းစမတ်လက်အိတ်တွေကို bluetooth နဲ့ ခံပြီး app တစ်ခုနဲ့ ချိတ်ထားပါတယ်။ လက်အိတ်က မှတ်ထားတဲ့ စကားလုံးတွေကို ၄င်း app ကနေ အသံထွက်ပေးမှာ ဖြစ်ပါတယ်။

Image credits: Roy Allela

“ကျွန်တော့်တူမလေးက လက်အိတ်တွေကို ၀တ်ထားပါတယ်။ ပြီးတော့ ဖုန်းတွေနဲ့ ချိတ်ထားလိုက်တယ်။ အခုဆိုရင် သူမဘာပြောချင်တယ်ဆိုတာကို ကျွန်တော်နားလည်နေပြီ…” လို့ Roy က ဖြေပါတယ်။ Roy ဟာ ကင်ညာအနောက်တောင်ပိုင်းက ဆွံ့အနားမကြားကျောင်းကိုလည်း သူတီထွင်ထားတဲ့ လက်အိတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အသုံးပြုသူတွေဆီက ဝေဖန်အကြံပေးချက်တွေကို နားထောင်ရင်း သူ့လက်အိတ်ကို ပိုကောင်းသထက် ကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့လည်း Roy က ယုံကြည်နေပါတယ်။

READ
တရုတ်ပြည်က သက်ရှိထင်ရှားရှိနေတဲ့ အရုပ်မလေး Kina Shen
Image credits: African Curators

အသုံးပြုသူတွေဟာ ကိုယ်နှစ်သက်ရာ ဘာသာစကားနဲ့ အသံအနိမ့်အမြင့်တွေကိုပါ ရွေးချယ်နိုင်မှာဖြစ်ပြီး အဖြေတိကျမှုနှုန်းကတော့ (၉၃) ရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ လက်အိတ်ဒီဇိုင်းတွေကတော့ ဒစ်ဒနီမင်းသမီးဒီဇိုင်းကနေ စပိုင်ဒါမန်းအထိ ဒီဇိုင်းမျိုးစုံရှိတယ်လို့ သိရပါတယ်။ Roy ဟာ မကြာသေးခင်ကလည်း American Society of Mechanical Engineers (ASME) ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါသေးတယ်။ အခုအခါမှာဆိုရင်တော့ နည်းပညာပါရမီရှင်လေး Roy ဟာ သူဆုကြေးရတဲ့ ငွေတွေနဲ့ပဲ စမတ်လက်အိတ်လေးကို အသံထွက် ပိုတိကျအောင် ပိုမိုမှန်ကန်အောင် လုပ်နေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: boredpanda

SHARE