သြဇီတောမီးက ထွက်လာတဲ့ မီးခိုးတွေကို မိုင်(၇၀၀၀)အဝေးရှိ ချီလီကပင် မြင်တွေ့ရ

Twitter/Devdiscourse

တောမီးအကြီးအကျယ်လောင်နေတဲ့ သြစတေးလျမှာ အခုအချိန်ထိ နိုင်ငံတဝှမ်းမှာ ဒုက္ခရောက်နေကြဆဲ ဖြစ်ပါတယ်။ တောမီးလောင်မှုကြောင့် ကျွမ်းကျင်ပညာရှင်တွေက သားရိုင်းတိရစ္ဆာန် သန်း(၅၀၀)လောက်နီးပါးအထိ သေဆုံးခဲ့ပြီး၊ လူ ရာနဲ့ချီ အသက်ဆုံးရှုံးထားတယ်လို့ သိရပါတယ်။

မိသားစု သိန်းဂဏန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ထားရပါတယ်။ လက်ရှိအချိန်ထိလည်း နိုင်ငံရဲ့ တစ်ချို့နေရာတွေမှာ တောမီးလောင်ကျွမ်းနေဆဲပါ။ အခြားနိုင်ငံတွေကလည်း တက်နိုင်သလောက် အကူအညီတွေ ပေးနေပါတယ်။ အခုဆိုရင် The Sun သတင်းစာမှာ ဖော်ပြချက်အရ တောမီးဟာ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုရင် တောင်အမေရိက,ကတောင် မြင်ရပါသတဲ့။ 

 

တောင်အမေရိကဆိုတာ သြစတေးလျနဲ့ ကီလိုမီတာ (၁၁၀၀၀)အထိ ကွာဝေးပါတယ်။ မိုင်(၇၀၀၀)အဝေး ချီလီ၊ အာဂျင်တီးနားနိုင်ငံတွေကပင် သြစတေးလျရဲ့ တောမီးက ထွက်လာခဲ့မီးခိုးတွေကို မြင်နေရတယ်လို့ ဆိုပါတယ်။ သြစတေးလျ တောမီးရဲ့ မီးခိုးတွေဟာ ပစိဖိတ်သမုဒ္ဒရာကိုတောင် ကျော်ဖြတ်ပြီး၊ တောင်အမေရိကအထိ ရောက်နေပြီဆိုတဲ့ သဘောပါ။

ချီလီမိုးဇလဌာရဲ့တွစ်တာ Official Meteorological Service of Chile မှာ သြစတေးလျ တောမီးရဲ့ မီးခိုးတွေဟာ ချီလီကိုတောင် ရောက်နေပြီလို့ သူတို့ရဲ့တွစ်တာမှာ ဓာတ်ပုံအထောက်အထားတွေနဲ့ တင်ခဲ့ပါတယ်။ “ ဓာတ်ပုံထဲမှာ အညိုရောင်ဖျော့ဖျော့ မီးခိုးတွေကို အားလုံး မြင်ရမှာပါ … ဒါဟာ သြစတေးလျ တောမီးလောင်မှုဆီက လာတာပါ ”လို့ ရေးသားခဲ့ပါတယ်။

Twitter/Somag

မကြာသေးမီက တောမီးလောင်နေတဲ့ ဒေသတစ်ချို့မှာ မိုးရွာသွန်းခဲ့ပေမယ့်၊ ကြီးမားတဲ့ အထောက်အပံ့မျိုးတော့ မရခဲ့ပါဘူး။ မိုးလေဝသပညာရှင်တွေကတော့ မီးခိုးတွေဖုံးလွှမ်းနေတဲ့ သြစတေးလျရဲ့ အာကသဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ သြစတေးလျ မီးဘေးသင့်ဒေသတွေမှာ တောမီးကြောင့် ဝန်းကျင်တစ်ခုလုံး၊ ကောင်းကင်တစ်ခုလုံး နီရဲနေတဲ့ ကြောက်လန့်ဖွယ်ရာ အဖြစ်ကို ရင်ဆိုင်ခဲ့ရပါသေးတယ်။

 

ကမ္ဘာ့မိုးလေဝသစောင့်ကြည့်ရေးဌာန World Meteorological Organization (WMO) က အာဂျင်တီးနားနိုင်ငံ Buenos Aires ရဲ့ကောင်းကင်တောင် အနီရောင်တောက်တောက်တွေ ဖြစ်ကုန်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ တာဝန်ရှိသူတစ်ဦးက သြစတေးလျတောမီးကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစေကြောင်း၊ ဒါဟာ နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို သက်ရောက်မှုဖြစ်စေနိုင်ကြောင်း၊ ဒီမီးခိုးတွေဟာ နယူးဇီလန်နဲ့ တောင်အမေရိကကိုတောင် ရောက်နေပြီလို့ ပြောပါတယ်။

လင်းသုတ

SHARE