ကားပေါ်ကနေ ကြံတွေခိုးစားနေတဲ့ ဆင်ကြီးနှစ်ကောင်ရဲ့ ဗီဒီယို

Viral Press

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နက်ခွန် ဆာဝမ်ပြည်နယ်ထဲက သစ်တောဝန်ထမ်းတွေဟာ ဆင်ကြီး နှစ်ကောင်ကို နေရာရွှေ့ပြောင်းဖို့အတွက် ကားနှစ်စီးနဲ့ သယ်ဆောင်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာတော့ ဆင်ကြီးနှစ်ကောင်ကို တင်ဆောင်လာတဲ့ ကားနှစ်စီးက မီးပွိုင့်မိနေတုန်း သူတို့ကားရဲ့ နံဘေးမှာ ကြံတွေ တင်ဆောင်လာတဲ့ ကားတစ်စီးက တိုက်တိုက်ဆိုင်ဆိုင် လာရပ်ခဲ့တာပါ။

ဆင်ကြီးတွေက ချက်ချင်းဆိုသလိုပဲ ဒီ ကားကြီးကို သတိထားမိသွားခဲ့ပြီး သူတို့ရှိနေတဲ့ ကားပေါ်ကနေ တစ်ဖက်ကားပေါ်မှာ သယ်လာတဲ့ကြံတွေကို နှာမောင်းရှည်ကြီးတွေနဲ့ လှမ်းယူကြတာပါ။

Viral Press

ဒီအဖြစ်အပျက်ကို သူတို့ရဲ့ အနောက်ဖက် ကားပေါ်မှာ ပါလာသူတွေက တွေ့သွားကြပြီး ဖုန်းနဲ့ ဗီဒီယိုရိုက်ကာ မှတ်တမ်းတင်ထားခဲ့တာပါ။ ဆင်တွေဟာ ကြံကို ကြိုက်ကြတယ်ဆိုပေမယ့် အခုလိုမျိုး တစ်ဖက်ကားပေါ်က ကြံကို လှမ်းပြီး ယူစားကြမယ်လို့ ဘယ်သူမှ ထင်မထားတာ အမှန်ပါ။ ဒါပေမယ့်လည်း ဆင်ကြီးနှစ်ကောင်ကတော့ ဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလိုတဲ့ပုံစံနဲ့ ကြံချောင်းတွေကို လှမ်းပြီး ယူစားနေကြတာကို တွေ့ခဲ့ရပါတယ်။

READ
ထူးထူးဆန်းဆန်း ဇန်နဝါရီလ(၇)ရက်နေ့မှာ ကျင်းပမယ့် အပေါ်ဘောင်းဘီမဝတ်ရနေ့

ဆူနီဆာ ဆိုတဲံ တွစ်တာအကောင့်ပိုင်ရှင်က ဒီအဖြစ်အပျက်ကို ဗီဒီယို ရိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့တွစ်တာစာမျက်နှာမှာ တင်ပြသွားခဲ့တာပါ။

Viral Press

ဒီ ဆင်ကြီးနှစ်ကောင်ဟာ ကားချင်းမတူပေမယ့် ကြံတွေကို ယူစားဖို့ အကြံရခဲ့ကြတာခြင်းတော့ တူခဲ့ကြတယ်လို့ ဆူနီဆာ က မှတ်ချက်ပေးသွားခဲ့ပြီး ကြံကားမောင်းသူ အနေနဲ့ သူ့ကြံတွေဘယ်လိုလျော့သွားသလဲဆိုတာ ရှင်းပြရ တော်တော်ခက်လိမ့်မယ်လို့ ရေးသားသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာတော့ ဆင်ကောင်ရေ (၃၀၀၀)ကနေ (၄၀၀၀)ကြားမှာ ရှိပြီး အဲဒီထဲက တစ်ဝက်လောက်က တောရိုင်းဥယျဉ်တွေထဲမှာ ရှိကြသလို တစ်ဝက်ကတော့ သစ်လုပ်ငန်းခွင်တွေထဲမှာ အလုပ်လုပ်ကိုင် နေကြရတာပါ။

Linn

SHARE