ဆိုရှယ်မီဒီယာ app တစ်ခုဖြစ်တဲ့ Snapchat မှာဆိုရင်တော့ များမကြာခင်ကာလမှာ ဂိမ်းကစားလို့ပါ ရနိုင်အောင် ကုမ္ပဏီဘက်က app အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈ ကတော့ Snapchat ကနေ “Snappables” ဆိုတဲ့ ကင်မရာ effect တွေနဲ့ ဆော့ရတဲ့ ဂိမ်းတစ်မျိုးကို တီထွင်ခဲ့ပြီး အခုဆိုရင် ပိုများပြား ကြီးကျယ်တဲ့ ဂိမ်းတွေကိုပါ app ထဲ ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။ ဂိမ်းတွေကို Snapchat ကနေပဲ ဖန်တီးထားမှာ မဟုတ်ဘဲ အခြားကုမ္ပဏီတွေက developer တွေဆီက ဂိမ်းတွေကို ထည့်သွင်းသွားမှာလည်း ဖြစ်ပါတယ်။ အခုလို app မှာ ဂိမ်းတွေ ထည့်သွင်းသွားမယ်ဆိုတာကို ၂၀၁၈ ကတည်းက ကြေညာထားခဲ့တာပါ။

CNET မီဒီယာအရ Snap ဟာ သြစတေးလျ ဂိမ်းကုမ္ပဏီ Prettygreat ကိုလည်း ဇန်နဝါရီတုန်းက ဝယ်ယူလိုက်ခဲ့ပြီး နာမည်ကြီးဂိမ်းတွေကို မွေးထုတ်ပေးထားတဲ့ တရုတ်ကုမ္ပဏီ Tencent ကလည်း မနှစ်တုန်းက Snap ရဲ့ ရှယ်ယာတွေကို ၁၂ ရာခိုင်နှုန်းအထိ ဝယ်ခဲ့သေးကြောင်းလည်း သိရပါတယ်။ ဒါဟာ Snapchat မှာ ဂိမ်းအလန်းစားတွေ ပါဝင်လာတော့မယ့် လက္ခဏာတွေလည်း ဖြစ်ပါတယ်။

Snapchat မှာ ဘာကြောင့် ဂိမ်းတွေ ထည့်သွင်းလာမှာလဲဆိုတဲ့ မေးခွန်းအတွက်တော့ အဖြေက ရှင်းပါတယ်။ App ကို အသုံးပြုသူပိုများလာပြီး ကုမ္ပဏီဝင်ငွေ ပိုရလာဖို့ အတွက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ messaging app မှာ ဂိမ်းတွေ ထည့်သွင်းလာခဲ့တဲ့ Facebook Messenger ရဲ့ ခြေရာကို အမီလိုက်လာတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ လာမယ့် ဧပြီလ ၄ ရက်နေ့မှာ သိရမှာ ဖြစ်ပါတယ်။
Ref: The Verge