ဆယ်စုနှစ်တစ်ခုအကြာမှာ ဆီးနှင်းတွေ ပြန်ဖုံးလွှမ်းခဲ့တဲ့ ဘဂ္ဂဒတ်မြို့တော် ပတ်ဝန်းကျင်

Twitte/Asharq

အီရက်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့တော် ပတ်ဝန်းကျင်မှာ ဆီးနှင်းတွေ ထူထပ်စွာ ကျဆင်းခဲ့တာကြောင့် ဒေသခံတွေအတွက်တော့ ထူးဆန်းတဲ့ ပျော်စရာ အခိုက်အတန့်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဘဂ္ဂဒတ်မြို့တော်မှာ ဒီလို နှင်းတွေမဝေခဲ့တာ ဆယ်စုနှစ်တစ်စုစာ ကြာခဲ့ပါပြီတဲ့။ ကန္တာရရာသီဥတုမျိုး ပိုင်ဆိုင်ထားတဲ့ ဒေသမှာ အအေးပိုင်းဒေသတွေလို နှင်းခဲတွေ မြင်ရတာ အမြင်တစ်မျိုး ဆန်းစေမှာပါ။

(၂၀၀၈)ခုနှစ်မှာလည်း ဘဂ္ဂဒတ်မှာ အခုလို အဖြစ်မျိုးရှိခဲ့ပြီး၊ လှပလွန်းတဲ့ ရာသီဥတုသွင်ပြင်တွေကြောင့် ကြီးကြီးငယ်ငယ် မရွေး လမ်းမတွေပေါ်ထွက်ပြီး ဓာတ်ပုံတွေရိုက်ကြပါတယ်။ (၂၀၀၈)တုန်းကလည်း ဒီလို ဆီးနှင်းတွေ ထူးခြားစွာကျခဲ့လို့ ဒေသခံတွေ ပျော်ရွှင်ခဲ့ကြပါတယ်။

 

အဲဒီတုန်းကတော့ ဆီးနှင်းမကျခဲ့တာ ရာစုနှစ်တစ်စု ကြာခဲ့တဲ့ ဘဂ္ဂဒတ်အတွက် အဆိုပါအဖြစ်အပျက်က အတော်လေးကို ထူးဆန်းခဲ့တဲ့ အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ Iraqi Meteorological Centre မှာ မီဒီယာခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Amer al-Jaberi က နောက်တစ်ရက် (ဗုဒ္ဓဟူးနေ့)အထိ နှင်းတွေ ဆက်ကျလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

အဲဒီနှင်းကျတဲ့နေ့ကတော့ ဖေဖော်ဝါရီ (၁၁)ရက် အင်္ဂါနေ့ဖြစ်ပြီး၊ အခုလို အအေးလှိုင်းဖြတ်မှုဟာ ဥရောပကနေ ကူးပြောင်းလာလို့ဖြစ်ကြောင်း ဆိုပါတယ်။ အပူပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ အီရက်လိုနိုင်ငံမှာ ရုတ်တရက် အအေးလှိုင်းကျရောက်ခြင်းဟာ တခြားဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။

 

ဘဂ္ဂဒတ်မှာ (၂၁၀၆)က စံချိတင်အပူချိန်တွေ မြင့်တက်ခဲ့ပြီး၊ (၅၁)ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့ကြောင်း သိရပါတယ်။ (၂၀၁၈)မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာအတိုင်း အပူချိန်တွေ မြင့်တက်ခဲ့ခြင်းကြောင့် အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ရေရှားပါးပြတ်တောက်မှုတွေ ကြုံခဲ့ရပါတယ်။

အီရတ်မှာ အလွန်ပြင်းထန်တဲ့ရာသီဥတုမျိုးကို နှစ်စဉ်လိုလို ကြုံရလေ့ရှိပြီး၊ (၂၀၁၉)မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် နေရာအနှံ့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လူပေါင်း(၁)သိန်းလောက် အစားအစာနဲ့ သန့်ရှင်းတဲ့ရေရဖို့ အခက်အခဲဖြစ်ခဲ့ပြီး၊ လူ(၂)သောင်းလောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။

 

အီရတ်မြောက်ပိုင်းမှာတော့ အပူချိန် မြင့်မားမှုတွေကြောင့် တောမီးလောင်ခြင်း၊ ကောက်ပဲသီးနှံတွေ စိုက်ပျိုးလို့မရအောင် ခြောက်သွေ့ခြင်းတွေ ဖြစ်ခဲ့ရပါတယ်။ အခုလို ထူးကဲစွာ ဆီးနှင်းတွေ ကျဆင်းခဲ့တဲ့ဖြစ်စဉ်ကလည်း တစ်ခြား ဆိုးရွားတဲ့ သက်ရောက်မှုတွေ၊ ဒါမှမဟုတ် ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲခြင်းနဲ့ နောက်ဆက်တွဲအကျိုးရလဒ် ဖြစ်လာနိုင်မလားဆိုတာကိုတော့ ပညာရှင်တွေက စောင့်ကြည့်နေပါတယ်။

လင်းသုတ

SHARE