ပေ(၃၀)လောက်အထိ ခုန်ပျံနေတဲ့ ယုန်ကလေးရဲ့ တကယ့်အမှန်တရား

Google Map

မကြာသေးခင်က လူမှုကွန်ရက်ထက်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံလေးတစ်ခုမှာတော့ ယုန်ကလေးတစ်ကောင်ဟာ လမ်းမတစ်ခုထက်မှာ အမြင့်ပေ (၃၀)လောက်ထိ ခုန်ပျံကျော်လွှားနေတာကို အံ့သြဖွယ်ရာ မြင်တွေ့ရပါတယ်။ အဲဒီဓာတ်ပုံဟာ Google Maps Street View ရဲ့ ဓာတ်ပုံထဲမှာ ပါလာတာပါ။

Google ဟာ တစ်ကမ္ဘာလုံးက လမ်းစနစ်တွေ၊ နေရာတွေအားလုံးကို မှတ်တမ်းတင်နိုင်ဖို့အတွက် လမ်းရှာဖွေမှတ်တမ်းတင်ရေး Google Maps Car တွေနဲ့ အလုပ်တွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အခုလည်း Biala droga လမ်းကို မှတ်တမ်းရယူစဉ်မှာ လေပေါ်မှာ ခုန်ပျံဝဲနေတဲ့ ယုန်ကလေးကိုပါ တပါတည်း မှတ်တမ်းတင်နိုင်ခဲ့တာပါ။

Google Map

အများကတော့ ဒီလောက် မြင့်အောင်ခုန်နိုင်တဲ့ ယုန်မျိုးစိတ်မျိုး တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုနေကြပါတယ်။ ဒါကြောင့် Google Maps Car အနေနဲ့ ယုန်မျိုးစိတ်အသစ်ကို မှတ်တမ်းတင်နိုင်ခဲ့တာလေလားဆိုပြီး ထင်မြင်ကြသူတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် အဖြေရှာမှုတွေ ပြုလုပ်လိုက်တဲ့အခါမှာတော့ တစ်ခြား ဖြစ်တန်ခြေတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Google Map

အခြား ဆက်စပ်ဓာတ်ပုံတွေမှာ ယုန်ကလေး လမ်းဘေးကနေ စတင်လမ်းကူးဖို့ ကားလမ်းပေါ်ကို ချဉ်းကပ်ပုံကအစ လေပေါ်မြောက်တက်သွားတဲ့အဆုံး Google Maps Car က အသေးစိတ် မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဒီတော့ ယုန်ကလေးဟာ သူ့ဘာသာ လေပေါ်ခုန်ပျံနေတာ မဟုတ်နိုင်ဘဲ၊ Google Maps Car နဲ့ တိုက်မိပြီး လွင့်ထွက်သွားတာလို့ ယူဆရပါတယ်။

လင်းသုတ

SHARE