နိုက်ဂျီးရီးယားနိုင်ငံမှာ ထူးဆန်းတဲ့ရောဂါတစ်မျိုး ထပ်မံပေါ်ထွက်လာကြောင်း သိရ

Twitter/TSA

တစ်ကမ္ဘာလုံးက ဝူဟန်ဗိုင်းရပ်စ်အရေးကို အာရုံအထူးစိုက်နေကြပါတယ်။ လက်ရှိအချိန်ထိလည်း တိကျတဲ့ ကုထုံးကို ရှာမတွေ့သေးပါဘူး။ နောက်ဆုံးထုတ်ပြန်တဲ့ သတင်းတွေအရတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁၁၀၀)ရှိသွားပြီလို့ သိရပါတယ်။ ဒီလို အခက်အခဲတွေ ဖြစ်နေချိန်မှာ နိုက်ဂျီးရီးယားမှာ ထူးဆန်းတဲ့ အဖျားရောဂါ ထပ်ပေါ်လာပြန်ပါပြီ။

ရောဂါအမည်ကို အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။ ဒီအကြောင်းကို The Independent, The Sun News Online နဲ့  The Guardian Nigeria သတင်းစာတွေကပါ အကျယ်တဝင့် ဖော်ပြနေတာမို့ ကျန်းမာရေးနယ်ပယ်ဘက်က တာဝန်ရှိသူတွေအတွက် အတော်လေးကို ဦးနှောက်ခြောက်စရာ ဖြစ်စေခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဘာရောဂါဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ရောဂါစတင်ခဲ့ရာ ပြည်နယ်ကိုတော့ Benue လို့ အတည်ပြုထားပါတယ်။ လူ(၁၀၀)ကျော် လျှင်မြန်စွာပဲ ကူးစက်ခံထားရပြီး၊ (၁၅)ဦးအထိ သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုကြောက်ဖို့ကောင်းတာက ဒီရောဂါပိုး ကူးစက်ခံရပါက (၄၈)နာရီအတွင်း သေဆုံးစေနိုင်တယ်လို့ သိရပါတယ်။

နိုက်ဂျီးရီးယားကျန်းမာရေးဝန်ကြီး Osagie Ehanire က အခု ဖြစ်နေတဲ့ပြင်းထန်အဖျားရောဂါဟာ အနောက်အာဖရိကမှာ တွေ့ရတတ်တဲ့ အီဘိုလာနဲ့ လက်ဆာအဖျားရောဂါတွေနဲ့ တူညီမှုမရှိကြောင်း၊ နောက်ပြီး ဝူဟန်ဗိုင်းရပ်စ်နဲ့လည်း ရောဂါလက္ခဏာ မတူညီဘဲ ရောဂါအသစ်တစ်မျိုးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Nigerian Health Blog

ရောဂါလက္ခဏာတွေထဲမှာ အော့အန်ခြင်း၊ ကိုယ်လက်ရောင်ရမ်းခြင်းနဲ့ အပြင်းအထန် ဝမ်းလျှောခြင်းတွေ ပါဝင်တယ်လို့ Osagie ရဲ့အဆိုအရ သိရပါတယ်။ လက်ရှိအချိန်မှာ Nigerian Centre for Disease Control (NCDC) က အရေးပေါ်တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်များ စတင်နေပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။

လောလောဆယ်မှာတော့ ရောဂါနောက်ကွယ်ရဲ့ အဓိကတရားခံမှာ ငါးဖမ်းရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်ကြောင်း ယူဆနေပေမယ့် ဒီရောဂါနဲ့ပတ်သက်တဲ့ ကောက်ချက်ချမှုမျိုးကိုတော့ ဘယ်ဌာနကမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးလို့ အတော်လေး စိုးရိမ်ပူပန်ဖို့ ကောင်းနေပါတယ်။

လင်းသုတ

SHARE