လေအေးပေးစက်တပ်ထားတဲ့ အင်္ကျီတစ်မျိုးကို Sony ကနေ ထုတ်လိုက်ပါပြီ

Sony

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အလွန်အသုံးဝင်တဲ့ စမတ်ပစ္စည်းများစွာလည်း ပေါ်ပေါက်လို့ လာပါတယ်။ အပူချိန်မြင့်တဲ့ နိုင်ငံကလူတွေအတွက်တော့ လေအေးပေးစက် မရှိတဲ့နေရာတွေမှာဆို အပူဒဏ် သိပ်ကိုခံကြရပါတယ်။ လူတွေ ပြောလေ့ရှိကြတာကတော့ အင်္ကျီထဲမှာ အဲကွန်းထည့်ထားလို့ရရင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ပါ။ အခုဆိုရင်တော့ ဒါဟာ စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပါဘူး။

ဂျပန်နည်းပညာကုမ္ပဏီ Sony ကနေ အခုဆိုရင်တော့ လေအေးပေးစက် တပ်ဆင်ထားတဲ့ အင်္ကျီတစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။ အင်္ကျီပုံစံကတော့ ယောက်ျားစွပ်ကျယ်ပုံစံ ဖြစ်ပါတယ်။ အတွင်းဝတ်အနေနဲ့ ဝတ်လို့ရသလို တစ်ထပ်တည်းလည်း ဝတ်ဆင်နိုင်ပါတယ်။ အင်္ကျီနာမည်ကိုတော့ REON POCKET လို့ ပေးထားပါတယ်။ ဒီသတင်းကိုတော့ ဟောင်ကောင်အခြေစိုက်သတင်းဌာန South China Morning Post ကနေတစ်ဆင့် သိရှိရပါတယ်။

Sony

Sony ရဲ့ REON POCKET ကတော့ လေအေးပေးစက်တစ်မျိုးတည်းအနေနဲ့ အသုံးဝင်တာ မဟုတ်ပါဘူး။ ပူတဲ့ဒေသတွေမှာ အဲကွန်းအနေနဲ့ သုံးလို့ရသလို အေးတဲ့ဥတုတွေမှာလည်း အနွေးဓာတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ပါသေးတယ်။ REON POCKET ထဲမှာ Peltier (ပယ်လ်တီယေ) ဆိုတဲ့ device တစ်ခု ပါရှိပါတယ်။ ၎င်းအစိတ်အပိုင်းဟာ ကားလေအေးပေးစက်တွေ၊ wine cooler တွေမှာ တပ်ဆင်လေ့ရှိပြီး စွမ်းအင်အနည်းငယ်နဲ့ အေးမြနေအောင် လုပ်ဆောင်နိုင်ပါတယ်။

READ
ဒူဘိုင်းမြို့ဝန်းကျင်မှာ စတင်ပြေးဆွဲပေးမယ့် မောင်းသူမဲ့ ကြက်ဥပုံစံ တက္ကစီဒရုန်းယာဉ်
Sony

လေအေးပေးစက်ပါတဲ့ ဒီ REON POCKET အင်္ကျီကတော့ S, M, L ဆိုဒ်သုံးဆိုဒ်နဲ့ ထွက်ရှိလာပါတယ်။ လက်ရှိမှာတော့ ယောက်ျားအင်္ကျီပဲ ထွက်သေးတာပါ။ Device ကို lithium-ion ဘက်ထရီ သုံးထားပြီး ၂ နာရီ အားသွင်းရုံနဲ့ တစ်နေ့လုံး သုံးလို့ရပါတယ်။ အင်္ကျီနဲ့ ချိတ်ဆက်ထားတဲ့ စက်ကလေးဟာ 54 x 20 x 116mm နဲ့ သေးငယ်ပေါ့ပါးပြီး Bluetooth ပါရှိတဲ့အတွက် ဖုန်းနဲ့ချိတ်ကာ အပူချိန်ကို ထိန်းညှိအသုံးပြုနိုင်ပါတယ်။

ဈေးနှုန်းကတော့ အဲကွန်းတစ်ခု၊ အင်္ကျီတစ်ထည်အတွက် အမေရိကန်ဒေါ်လာ ၁၂၉ (မြန်မာကျပ်ငွေ ၂ သိန်းဝန်းကျင်) ရှိပါတယ်။ အဲကွန်းတစ်ခု၊ အင်္ကျီ ၅ ထည်ဈေးဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၇၅ (မြန်မာကျပ်ငွေ ၂ သိန်းခွဲကျော်) ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျပန်ဈေးကွက်မှာသာ အရင်ဆုံးဖြန့်ချိဦးမှာဖြစ်တယ်လို့ သိရပါတယ်။

READ
၂၀၁၈နှစ်ကုန်ပိုင်းမှာ 5G စနစ် ဝန်ဆောင်မှု ရရှိစေမယ် ဆိုတဲ့ Verizon

Shwemom

SHARE