လိင်ပြောင်းမိလို့ စစ်တပ်က အထုတ်ခံလိုက်ရတဲ့ တောင်ကိုရီးယား စစ်သား

youtube/NewZee PK

တောင်ကိုရီးယားစစ်တပ်မှ အရာရှိကြီးတွေဟာ လိင်ပြောင်းလဲခွဲစိတ်ကုသမှုခံယူခဲ့တဲ့ စစ်သမီးတစ်ဦးကို တပ်ထဲက ထုတ်ပစ်ဖို့ အတည်ပြုခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ အဆိုပါ စစ်သမီးဟာ တပ်ကြပ်ကြီး Byun Hui-su ဆိုသူ ဖြစ်ပါတယ်။ တပ်ကထုတ်ပြန်တဲ့ အမိန့်နဲ့ ပတ်သက်လို့ Byun Hui-su ဟာ အလွန် ခံစားရနေပုံပေါ်ပါတယ်။ သူမလိင်ပြောင်းလဲခဲ့တာကြောင့် စစ်တပ်က ထွက်ရတာဟာ မဖြစ်သင့်ဘူးလို့ တောင်းပန်ပြီး စစ်တပ်ထဲမှာ တာဝန်ဆက်လက်ထမ်းဆောင်ခွင့်ပြုဖို့ အသနားခံခဲ့တာ ဖြစ်ပါတယ်။

youtube/NewZee PK

တောင်ကိုရီးယားမှာတော့ လိင်ပြောင်းလို့ စစ်တပ်က အထုတ်ခံရတဲ့ဖြစ်ရပ်ဟာ အခုမှ ပထမဆုံးအကြိမ် ဖြစ်ခဲ့တာပါ။ လက်ရှိ တောင်ကိုရီးယားဥပဒေမှာ တပ်ထဲတာဝန်ထမ်းဆောင်နေစဉ် စစ်သားတွေဟာ လိင်ပြောင်းလဲမှုမလုပ်ရဆိုတဲ့ ဥပဒေမရှိပေမယ့် တပ်ထဲကိုတော့ လိင်ပြောင်းထားသူတွေကို ၀င်ရောက်အမှုထမ်းခွင့် တားမြစ်ထားပါတယ်။

READ
ဂျာနယ်လစ်ကို နှာခေါင်းရိုးကျိုးတဲ့အထိ ခေါင်းနဲ့တိုက်ခိုက်ခဲ့တဲ့ မာဖီယားဂိုဏ်းသား

စစ်တပ်က ထုတ်ပြန်ချက်ထဲမှာတော့ “ပုဂ္ဂိုလ်ရေးဆိုင်ရာပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတဲ့ စစ်ဥပဒေ”  ပေါ်မှာ အခြေခံပြီး အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း မှတ်ချက်ပေးထားပါတယ်။ Byun ဟာ စစ်တပ်မှာတော့ တင့်ကားမောင်းသူတစ်ယောက်အဖြစ် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။

youtube/NewZee PK

သတင်းစာရှင်းလင်းပွဲမှာတော့ Byun က သူမရဲ့ အိပ်မက်ဟာ စစ်သားတစ်ယောက်ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ “အမျိုးသမီးဖြစ်တယ်၊ အမျိုးသားဖြစ်တယ်ဆိုတာကို ထည့်မတွက်သင့်ပါဘူး။ နိုင်ငံကို ကာကွယ်တဲ့ စစ်သားကောင်းတစ်ယောက်ဆိုတာပဲ ပြည်သူတွေကို မြင်စေချင်ပါတယ်။ ဒါကြောင့် အခွင့်အရေးပေးစေချင်ပါတယ်….” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

Byun ဟာ ယခင်က သူမရဲ့လိင်ဖြစ်တည်ခွင့်ကြောင့် စိတ်ကျဝေဒနာကို ခံစားနေခဲ့ရသူပါ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထိုင်းနိုင်ငံကို သွားပြီး လိင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ Byun က သူမဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မှီကြောင်း သက်သေပြခဲ့ပါသေးတယ်။ သူမဟာ တင့်ကားမောင်းနှင်ရာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တပ်သားတွေထဲမှာ အမှတ်အများဆုံးနဲ့ တင့်ကားမောင်းစွမ်းရည် ထိပ်ဆုံးနေရာမှာရှိနေသူ တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Byun ရဲ့ တပ်မှာဆက်လက် တာဝန်ထမ်းဆောင်ခွင့်အတွက် အသနားခံချက်ကို နောက်ဆုံးမှာတော့ စစ်တပ်က ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။

READ
ရပ်ထားတဲ့ တင့်ကားကို တက်မောင်းပြီး မြို့ထဲလျှောက်ပတ်ခဲ့တဲ့ အမူးသမား

လင်းလင်း (ShweMom)

SHARE