တွစ်တာရဲ့မကြာသေးခင်က ခေတ်စားနေတဲ့ “how it started/ how it’s going” trend ထဲမှာ လူတော်တော်များများ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတွေ့ရမယ့်ဖြစ်ရပ်လေးကတော့ ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး စုံတွဲတစ်တွဲဟာ နှစ်ယောက်စလုံးကင်ဆာဝေဒနာခံစားနေရတဲ့ကြားထဲမှ ကင်ဆာကိုအနိုင်ပိုင်းပြီး အချစ်နဲ့တွေ့ခဲ့ကြတဲ့ ကြည်နူးစရာဇာတ်လမ်းလေးဖြစ်ပါတယ်။

Molly Gorczyca ဆိုသူ အမျိုးသမီးဟာ အောက်တိုဘာ၁၂ ရက်နေ့မှာ ပြီးခဲ့တဲ့နှစ်အတွင်း သူမနဲ့သူ့ချစ်သူ Ryan Smith ရဲ့ ကြားက အချစ်ရေးတိုးတက်ပြောင်းလဲလာတာကို tweet လုပ်ခဲ့ပါတယ်။ Molly က “ကျွန်မတို့နှစ်ယောက်အကြောင်းကို ပြောပြတဲ့အခါ လူတွေက ဒီလောက်ဆိုးဝါးနေတဲ့အရာထဲက ဒီလောက်ကောင်းတဲ့အရာမျိုးဖြစ်လာဖို့မရှိဘူးလို့ တွေးကြပါတယ်။” ဆိုပါတယ်။
Ryan ကတော့ “လူတိုင်းက ကင်ဆာဝေဒနာဟာ စိတ်ပျက်စရာ စိတ်ဆင်းရဲစရာကောင်းတဲ့ ရောဂါလို့တွေးကြတယ်။ ဒီဝေဒနာဆိုးကြီးထဲက အကောင်းထွက်လာစရာအကြောင်းမရှိဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ relation ဟာ ဒီကင်ဆာကြောင့်ပဲ ဖြစ်လာပြီး ဒီရောဂါကို အနိုင်ယူနိုင်ခဲ့တာပါ။ ကွန်ကရစ်ထဲက ပန်းလေးတစ်ပွင့်ပွင့်လာသလိုပါပဲ။” လို့ ဆိုပါတယ်။
WHEN YOU LEAST EXPECT IT: A couple met while battling the same rare cancer, and now their story is inspiring millions. @willganss speaks with Molly and Ryan about finding hope… and each other. pic.twitter.com/Wg9C4SANt9
— ABC World News Now (@abcWNN) October 21, 2020
၂၀၁၉ခုနှစ် ဧပြီလမှာ Molly ဟာ ပြင်းထန်တဲ့သွေးကင်ဆာရောဂါ Acute Myeloid Leukemia (AML) ကိုခံစားခဲ့ရတာပါ။ ဒီရောဂါဟာ ပုံမှန်ဆို အသက်၆၈နှစ်လောက်မှဖြစ်ကြပေမယ့် Molly မှာတော့ အသက်၂၁နှစ်နဲ့ ဒီဝေဒနာကိုခံစားခဲ့ရတာပါ။ လေးလအကြာမှာတော့ Ryan ဟာလည်း Molly လိုမျိုး အလားတူသွေးကင်ဆာမျိုးထပ်ဖြစ်ပါတယ်။ တစ်နေ့တော့ Molly ဟာ ဆေးရုံတက်နေရင်းနဲ့ပို့စ်တစ်ခုသွားတွေ့ပါတယ်။
အဲ့ဒီပို့စ်ကတော့ Molly ရဲ့သူငယ်ချင်းတစ်ယောက်က ရှဲထားတဲ့ ဘတ်စ်ကတ်ဘောကစားသမား Ryan ကင်ဆာဖြစ်နေတယ်ဆိုတာပါ။ ပို့စ်ဖတ်ရင်း Molly က Ryan ဟာ သူမနဲ့အသက်အတူတူဖြစ်ပြီး ဖြစ်တဲ့ရောဂါကလည်းအတူတူ၊ Ryan ဟာလည်းဆေးရုံတက်နေတယ်ဆိုတာ သိလာပါတယ်။ ဒါနဲ့ပဲ Molly ဟာ Ryan နဲ့ ဆက်သွယ်ပြီး စကားပြောဆိုဖြစ်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူတို့ဟာ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ဆေးရုံကဆင်းတော့လည်း သူတို့နှစ်ဦးဆက်ပြီးခင်မင်နေခဲ့ကာ မတ်လ ၁၉ ရက်နေ့မှာတော့ သူတို့ရဲ့ရင်းနှီးမှုကို တဆင့်တိုးခဲ့ပြီး နှစ်ဖက်မိဘတွေကို အသိပေးကာ တွဲခဲ့ကြပါတယ်။
How it started: How it’s going: pic.twitter.com/IRuMgBwCCA
— molly (@molly1gorczyca) October 13, 2020
အခုလိုနှစ်ယောက်သားတွဲဖြစ်ခဲ့တာက ကင်ဆာရောဂါကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ သူတို့မှာ တူညီတာတွေများသလို နှစ်ယောက်စလုံးဟာ တစ်ဦးအပေါ်တစ်ဦးနားလည်နိုင်ကြောင်း၊ နှစ်ယောက်စလုံး အားကစားသမားတွေလည်းဖြစ်ပြီး အလုပ်ကြိုးစားတာလည်းတူညီကြောင်း Ryan ကပြောပြပါတယ်။ အခုဆိုရင်တော့ Molly ရော Ryan နှစ်ယောက်စလုံးဟာ ချစ်သူသက်တမ်း၇လရှိပါပြီ။ သူတို့ရဲ့ကင်ဆာရောဂါအတွက် အသီးသီးအစားထိုးကုသမှုတွေလုပ်ခဲ့ပြီးဖြစ်ကာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေပြီဖြစ်တယ်လို့လည်း People သတင်းစာမျက်နှာအရ သိရပါတယ်။
ShweMom