ဖွံ့ဖြိုးမှု ကွဲပြားခြားနားတဲ့ နိုင်ငံတွေရဲ့ မတူညီတဲ့ဓာတ်ပုံတွေကို ပေါင်းစပ်လိုက်တဲ့အခါ

ugurgallen/instagram

ကမ္ဘာပေါ်မှာ ငွေကို ရေလိုသုံးနေနိုင်တဲ့ လူတန်းစားတွေရှိသလို၊ ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲနေတဲ့ လူတွေက အဲဒီထက် ပိုများပါတယ်။ ရာဇဝတ်မှု ထူပြောခြင်းရဲ့အစက ဆင်းရဲမွဲတေမှုက လာတယ်လို့ ပြောရင် လူတိုင်း လက်ခံချင်မှ လက်ခံနိုင်မှာ ဆိုပေမယ့်၊ တော်တော်များများ မငြိမ်းချမ်းတဲ့ နိုင်ငံတွေကို မြင်အောင် ကြည့်လိုက်တဲ့အခါ ဆင်းရဲမွဲတေမှုဟာ လက်ညှိုးထိုးပြစရာ အချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။

ugurgallen/instagram

အဂတိလိုက်စားမှု ကြီးမားတဲ့ နိုင်ငံတွေမှာလည်း ပြည်သူ့ဘဏ္ဍာဟာ သမင်မွေးရင်း ကျားစားရင်းနဲ့ တကယ်ရောက်သင့်တဲ့ ပြည်သူတွေအကျိုးအမြတ်ထဲကို မရောက်ဘဲ အကြွေးတွေနဲ့သာ ပတ်ခြာလည်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုနိုင်ငံတွေမှာ ပြည်သူတွေကတော့ ဆင်းရဲသားကျောမွဲ၊ ဆင်းရဲသထက်ဆင်းရဲပြီး၊ အထက်ပုဂ္ဂိုလ်တွေသာ တစ်နေ့တစ်ခြား ဝအီဆူဖြိုးလာတာ၊ အာဏာကို သူတို့အမွေဆိုင်ပစ္စည်းလို သဘောထားပြီး လက်ဝါးကြီးအုပ်တာမျိုးတွေသာ ကြုံရမှာပါ။ ပြည်သူဆင်းရဲတော့ တိုင်းပြည် မငြိမ်သက်တာ သိပ်အဆန်းကြီးတော့ မဟုတ်ပါဘူး။

 

ugurgallen/instagram

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့သား Uğur Gallenkuş ကတော့ ဒီအချက်တွေကို ကောင်းစွာ ရိပ်မိသိရှိခဲ့ပြီး၊ သူတက်ကျွမ်းတဲ့ ဓာတ်ပုံပြင်ပညာနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေရဲ့ မတူညီတဲ့အခြေအနေဓာတ်ပုံတွေကို တူညီစွာ ပေါင်းစပ်ပြခဲ့ပြီး၊ ကမ္ဘာကြီးရဲ့ ကွဲပြားနေတဲ့ ဟိုဘက်ခြမ်းသည်ဘက်ခြမ်းကို မီးမောင်းထိုးပြခဲ့ပါတယ်။

ugurgallen/instagram

တစ်ချို့နိုင်ငံတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေကြသေးတာ အခုထက်ထိပါဘဲ။ ပြည်သူလူထုဟာ လက်နက်ကိုင်နဲ့ အစိုးရတပ်တွေရဲ့ မြေဇာပင်တွေ ဖြစ်နေရပြီး၊ ရှေးယခင်က တိုက်ပွဲတွေမှာ တစ်ဖက်နဲ့တစ်ဖက် အနိုင်အရှုံးဆိုတာ အတော်လေး အရေးကြီးခဲ့ပေမယ့် ပြည်သူလူထုကတော့ စစ်ပွဲတွေကြောင့် ဘယ်တုန်းကမှ အမြတ်အစွန်း မရရှိခဲ့ပါဘူး။ အသက်သေမလား၊ မိတကွဲဖတကွဲ ပြေးမလား၊ ကိုယ်လက်အင်္ဂါကို သစ်ကိုင်းသစ်ခတ်တွေလို စွန့်ပစ်ခဲ့လေမလား။

ugurgallen/instagram

အသက်(၂၉)နှစ်အရွယ် Uğur က ဒီဓာတ်ပုံတွေကြည့်ခြင်းအားဖြင့် ကမ္ဘာကြီးတစ်ခုလုံးက လူတွေကို မဆိုလိုပေမယ့်၊ တစ်ချိုကသောသူတွေရဲ့ ဉာဏ်မျက်စိကို ဖွင့်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းနေတဲ့ဒေသတွေက မငြိမ်းချမ်းတဲ့ဒေသတွေကိုကြည့်ပြီး သူတို့လို မဖြစ်ဖို့ စစ်ကို ဆန့်ကျင်ရမှာဖြစ်သလို၊ မငြိမ်းချမ်းတဲ့ဒေသတွေကလည်း ငြိမ်းချမ်းချင်ရင် စစ်ကို ဆန့်ကျင်ဖို့ လိုအပ်တာကို မီးမောင်းထိုးပြချင်တာပါ။

READ
Tesla ကုမ္ပဏီကိုဝယ်ယူပြီး Elon Musk ကို CEO ခန့်ဖို့ပြင်နေတဲ့ Apple
ugurgallen/instagram

Uğur က ဒီလိုဖန်တီးမှုကို (၂၀၁၅)ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ (၃)နှစ်အရွယ် ဆီရီးယားကလေးငယ်လေး ပင်လယ်ကမ်းစပ်မှာ သောင်တင်သေဆုံးနေတဲ့ပုံကိုမြင်ပြီး သူရဲ့ ပညာသားပါတဲ့ ဖန်တီးမှုတွေကို စတင်ခဲ့တာပါ။ အဲဒီကလေးအမည်ကတော့ Aylan Kurdi ဖြစ်ပြီး စစ်မက်ထူပြောတဲ့ ဆီးရီးယားကနေ မိသားစုလိုက်၊ လှေစီးပြီး ထွက်ပြေးလာခဲ့ရာ၊ တူရကီရေပိုင်နက်ထဲမှာ လှေမှောက်သေဆုံးခဲ့ရတာပါ။

ugurgallen/instagram

အဲဒီနောက်မှာတော့ Uğur ဟာ သူရဲ့ဖန်တီးမှုတွေနဲ့ ကမ္ဘာကြီးရဲ့ မျက်လုံးတစ်ချို့ကို အမြင်တွေ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖန်တီးမှုတွေဟာ လက်ရာမြောက်လှပြီး၊ တစ်ဖက်ကလည်း စိတ်မကောင်း သံဝေဂရစရာဖြစ်သလို၊ တစ်ဖက်ကလည်း အားကျငေးမောနေဖွယ်ရာပါဘဲ။ ငြိမ်းချမ်းချင်ရင် အဓိကအကျဆုံးဖြစ်တဲ့ စစ်ကို ဆန့်ကျင်မှ ရပါမယ်။

လင်းသူရိန်

SHARE