လူချစ်လူခင်များလာဖို့ ဘယ်လိုရိုးရှင်း လွယ်ကူတဲ့နည်းလမ်းတွေနဲ့ စကားပြောကြမလဲ…

တစ်ခါတစ်လေ ကိုယ်က လူကြားထဲရောက်ပြီး ဘာပြောလို့ပြောရမှန်းမသိ ဆိတ်ဆိတ်နေရတဲ့ အခိုက်အတန့်၊ တစ်ယောက်ယောက်ကများ ကိုယ့်ကို စကားစပြောရင် ကောင်းမှာပဲလို့ တွေးထင်ဖူးတဲ့ အခိုက်အတန့်တွေ ရှိမှာပါ။ ခုမှကိုယ်နဲ့ စတွေ့တဲ့သူတွေဖြစ်ရင် ကိုယ့်ကိုတစ်ဖက်သားက လူကောင်းသူကောင်းပါလို့ ယုံကြည်အောင် အဆင့်အတန်းရှိရှိ မှန်ကန်တဲ့ မေးခွန်းလေးတွေ မေးတတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိုးတိုးအန်းတန်း ဖြစ်မနေပဲ လူတစ်ဖက်သားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး အလွယ်တကူ ထူထောင်နိုင်အောင် ပါးနပ်လိမ္မာစွာ ဘယ်လိုစကားစပြောမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပတ်ဝန်းကျင်အကြောင်းပြောပါ

© Gone Girl / TSG Entertainment

ကိုယ်ရောက်နေတဲ့ နေရာအကြောင်း၊ ပတ်ဝန်းကျင်အကြောင်း ပြောဆိုဆွေးနွေးတာက စကားစပြောဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါ။ အဲဒီကနေတဆင့် ကိုယ်နဲ့ စကားပြောနေတဲ့သူအကြောင်းကို အကဲခတ်ရင်း ဥပမာ ထိုသူက စာအုပ်ကိုင်ထားမယ်ဆိုလည်း စာအုပ်အကြောင်း ဒါမှမဟုတ် အခမ်းအနားတစ်ခုခု ရောက်နေတယ်ဆိုလည်း ကော်ဖီတံဆိပ်အကြောင်း စပြောရင်းကနေ ကိုယ့်စကားဝိုင်းလေးကို စိုပြေလာအောင် လိုသလို ညှိလို့ရပါတယ်။

တစ်ဖက်လူ သက်တောင့်သက်သာ ဖြစ်နေပါစေ

© The Notebook / New Line Cinema

ကိုယ်စကားပြောနေတဲ့ သူအပေါ် စိတ်ပါဝင်စားမှု ရှိပါ။ လူတစ်ယောက်ရဲ့ နေထိုင်ရာအရပ်၊ သို့မဟုတ် မွေးရပ်ဇာတိကို မေးမြန်းတာက သူတို့ကို သူတို့ရဲ့ မိဘတွေ၊ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ထူးခြားဖြစ်ရပ်လေးတွေကို အမှတ်ရစေပါတယ်။ တကယ်လို့များ သူနဲ့ကိုယ်နဲ့က မွေးရပ်မြေတူတယ်ဆိုရင် ပိုပြီးတော့တောင် ပြောစရာစကားတွေ ထွက်လာမှာပါ။ တကယ်လို့ သူပြောတဲ့နေရာကို ကိုယ်မသိရင်လည်း ကိစ္စမရှိပါဘူး။ ထိုအရပ်ဒေသက အစားအသောက်၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲမေးခွန်းလေးတွေလည်း မေးမြန်းနိုင်ပါတယ်။

READ
ယနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ ခါးသီးတဲ့အမှန်တရားတွေကို ပုံဖော်ထားတဲ့ ပန်းချီလက်ရာများ

ပုဂ္ဂိုလ်ရေးမေးခွန်းတွေ အလျင်စလို မမေးမိပါစေနဲ့

© Moonlight / Plan B Entertainment

စကားစပြောတဲ့အခါ ရာသီဥတုအကြောင်းစပြောတာက အပိုအလိုမရှိ ကောင်းမွန်တဲ့ စတင်မိတ်ဖွဲ့နည်းပါ။ ကိုယ်က ခုမှစပြီး မိတ်ဆွေဖွဲ့မယ်ဆိုရင် ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတွေ အရင်ပြောတာက အကောင်းဆုံးပါ။ အသေးစိတ်ကြီး မဟုတ်ပဲ ယေဘူယျသဘောမျိုး မေးခွန်းလေးတွေဟာ တစ်ဖက်သားအတွက် စိတ်အနှောင့်အယှက်ကင်းစေပါတယ်။

ဟာသပြောပါ

© Dumb and Dumber / New Line Cinema

ဟာသဥာဏ်ရွှင်တဲ့သူကို လူတွေက ချစ်ကြပါတယ်။ ရယ်မောခြင်းက လူတွေကို ချိတ်ဆက်ပေးပါတယ်။ တကယ်လို့ စာဖတ်သူမှာ ဟာသဥာဏ်ကောင်းတစ်ခုရှိတယ်ဆိုရင် အဲ့ဒါကို အသုံးချဖို့ မမေ့လိုက်ပါနဲ့။ ကိုယ်နဲ့ အခြားသူတစ်ယောက်ကြားထဲက ရယ်စရာကောင်းတဲ့ အဖြစ်သနစ်လေးတွေကို ပြောပြရင်း လူတွေရဲ့ ချစ်ခင်မှုကို ရယူနိုင်ပါတယ်။ ဒါပေမယ့် ပြောလိုက်လို့ ကိုယ့်သိက္ခာကျစေမယ့် စကားအပြောအဆိုမျိုး၊ အမူအရာမျိုး၊ ဥပမာ တစ်ဖက်သားရဲ့အဖြစ်ကို အပျော်အပျက်လှောင်ပြောင် သရော်ပြောတာတွေကိုတော့ ရှောင်သင့်ပါတယ်။

ခေတ်ပေါ်သတင်းတွေအကြောင်း ပြောပါ

© PSY / youtube.com

လက်ရှိထင်ပေါ်ကျော်ကြားနေတဲ့ သီချင်း၊ ရုပ်ရှင် သို့မဟုတ် အစားအသောက်ကစလို့ လူသိများတဲ့အရာတစ်ခုကို အခြေခံပြီးလည်း စကားပြောနိုင်ပါတယ်။

အကူအညီတောင်းပါ

© Crashing / HBO

လူတော်တော်များများက အခုလိုရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ လျို့ဝှက်ချက်အကြောင်းကို မသိကြပါဘူး။ လူတွေဟာ သူတို့က အရေးပါတယ်၊ အရာရောက်တယ်ဆိုတဲ့ ခံစားမှုမျိုးကို နှစ်သက်ကြပါတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ ခပ်လွယ်လွယ်အရာလေးတစ်ခုကို လုပ်ပေးလိုက်ဖို့ ဘယ်သူမှ မငြင်းဆန်နိုင်ပါဘူး။ ဥပမာ စာအုပ်လေးကမ်းပေးပါနော်၊ ဘောပင်လေး ခဏလောက် ငှားလို့ရမလား.. စတဲ့ ပေါ့ပေါ့ပါးပါး အကူအညီတောင်းနည်းလေးတွေနဲ့ မိတ်ဆွေစဖွဲ့နိုင်ပါတယ်။

READ
သင့်ရင်သွေးများကို ငယ်စဉ်ကတည်းက သင်ကြားပေးသင့်သောအရာ(၁၀) မျိုး

ရေရှည်ဆက်ဆံရေးကောင်းမွန်အောင်…

© Mr And Mrs Smith / Regency Enterprises

ပြည့်စုံကောင်းမွန်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဆက်ဆံရေးဆိုတာ အချိန်တိုင်း ပေါ်လာနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် တဖက်လူနဲ့ စကားပြောတဲ့အခါ ရိုးရိုးသားသားနဲ့ ဖော်ဖော်ရွေရွေ ဆက်ဆံပေးတတ်ဖို့သာ လိုပါတယ်။ လူတစ်ယောက်ရဲ့ စစ်မှန်ပြီး ရိုးရှင်းတဲ့စိတ်ထားနဲ့ ယဉ်ကျေးတဲ့ အပြုအမူအပြောအဆိုဟာ ဆက်ဆံရေးမှာ အများကြီး စကားပြောပါတယ်။ တကယ်လို့ ကိုယ်က လူတစ်ယောက်နဲ့ ဆုံတယ်၊ ဒီလူကို ထပ်တွေ့ပြီး စကားတွေ ပြောနေချင်သေးတယ်၊ အဆက်အသွယ်မပြတ်ချင်ဘူးဆိုရင် ကိုယ့်နည်းတူ ခံစားရသလား သူတို့ကို မေးမြန်းပါ။ သူတို့ကလည်း ကိုယ်နဲ့ ထပ်မံဆက်သွယ်ဖို့ လိုလားတယ်ဆိုရင် ဖုန်းနံပတ်တောင်းပြီးပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာအကောင့်ကပဲ ဖြစ်ဖြစ် ထပ်မံစကားပြောပြီး ရင်းနှီးမှုအဆင့်တွေ ထပ်တိုးမြှင့်တင်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရဲ့ မိတ်ဆွေသစ်က ကိုယ့်အတွက် ဘယ်လိုအခွင့်အလမ်းကောင်းတွေ ဆောင်ကြဉ်းပေးနိုင်မလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး မဟုတ်လား။ ဒါကြောင့် ရွံ့နေ တွန့်နေတာတွေကို နောက်ပို့ပြီး အသစ်အသစ်သော မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ ရှာဖွေရင်း ကိုယ့်ရဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကို ကျယ်ပြန့်အောင် ချဲ့ထွင်ကြပါစို့လား။

လင်းလင်း (ShweMom)

Ref: brightside

SHARE