ဒီအချက်တွေ ခံစားနေရပြီဆိုရင် လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်းရပ်ပစ်လိုက်ပါ

Pixabay- scottwebb

လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်လှပရုံအတွက်သာမကဘဲ အသားအရေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးကဏ္ဍတွေမှာလည်း အများကြီး အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တိုင်း ကောင်းပါ့မလား။ သင့်မှာ ဒီအချက်တွေ ကြုံတွေ့နေရပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်း ရပ်ပစ်ပြီး အမြန်ဆုံး ဆေးခန်းသွားပြသင့်ပါတယ်တဲ့။

Freepik-pressfoto

နှလုံးခုန်နှုန်း

လေ့ကျင့်ခန်းလုပ်တိုင်း လူတွေဟာ သာမန်အချိန်ကထက် နှလုံးခုန်နှုန်း မြန်တတ်ကြပါတယ်။ ဒါသဘာဝပါ။ ခဏလေး အနားယူလိုက်တာနဲ့ ပုံမှန်နှလုံးခုန်နှုန်းကို ပြန်ရောက်သွားမှာပါ။ ဒါပေမဲ့ သင်ဟာ လေ့ကျင့်ခန်းလုပ်ပြီး နာရီအတော်ကြာတဲ့အထိ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက် ပိုမြန်နေမယ်ဆိုရင်တော့ လေ့ကျင့်ခန်းအလွန်အကျွံလုပ်နေမိပြီဆိုတာ သဘောပေါက်သင့်ပါပြီ။

Freepik-shisuka

စားချင်သောက်ချင်စိတ်လုံးဝမရှိတော့ရင်

နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သင်ဟာ အရင်ကထက်ပိုပြီး ဗိုက်ဆာလာမှာပါ။ ဒါပေမဲ့ ဗိုက်ဆာရမယ့်အစား စားချင်သောက်ချင်စိတ် လုံးဝမရှိတော့ဘူးရင်တော့ သင်ဟာ လေ့ကျင့်ခန်းကို သင့်ခန္ဓာကိုယ်ကတတ်နိုင်တာထက်ပိုပြီး လုပ်နေမိပြီဆိုတာ သိသင့်နေပါပြီ။

Freepik-ruslangaliullin

မူးဝေခြင်း

လေ့ကျင့်ခန်းလုပ်စဉ် ဒါမှမဟုတ် လုပ်ပြီးချိန်တွေ၊ ရုတ်တရက် မတ်တပ်ထလိုက်တဲ့အချိန်တွေမှာ ရုတ်တရက်ဆိုသလို မူးဝေလာမယ်၊ မျက်လုံးတွေပြာသွားမယ်၊ နားထင်ကြောတွေ တဒိန်းဒိန်းဖြစ်ပြီး ခေါင်းကိုက်လာမယ်ဆိုရင်တော့ လုပ်နေတဲ့လေ့ကျင့်ခန်းကို ချက်ချင်းရပ်ပစ်ပြီး အနားယူလိုက်ပါ။ ဒီလိုဝေဒနာတွေဟာ သင်အိပ်ရေးမလို့၊ ရာသီဥတုပူလို့၊ သင့်သွေးပေါင်ချိန်အတက်အကျ များလွန်း နည်းလွန်းနေလို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အခန့်မသင့်ရဲ့ ဦးနှောက်အောက်ဆီဂျင်ပြတ်ပြီး မေ့လဲတာတွေ၊ အော့အန်တာမျိုးအပြင် နှလုံးလေဟပ်နိုင်တဲ့အတွက် အပြည့်အဝအနားယူလိုက်တာ အကောင်းဆုံးပါပဲ။

READ
ဆေးလိပ်သောက်သူထံမှ အိမ်ကိုပြန်ဝယ်ပါက ကင်ဆာဖြစ်နိုင်ခြေပိုများ
Freepik-wavebreakmedia_micro

စိတ်ဓာတ်ကျလာရင်

အားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးတင်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်စဉ် ထွက်လာတဲ့ချွေးတွေနဲ့အတူ ခန္ဓာကိုယ်ထဲက endorphins ဓာတ်ကို ထုတ်ပေးတဲ့အတွက် စိတ်ကိုကြည်လင်စေမယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သွက်လက်စေမယ်၊ စိတ်ပျော်ရွှင်မှုကိုဖြစ်မယ်၊ စိတ်ဖိဆီးမှုတွေကို လျာ့ကျစေမယ်။ ဒါပေမဲ့ သင့်အနေဲနဲ့ လေ့ကျင့်ခန်းလုပ်ပြီးလို့ အနားယူတိုင်း မတရားနုန်းချိပြီး စိတ်ဓာတ်ကျတဲ့ခံစားမှုတွေကို ခံစားနေရပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်တာကို လျှော့သင့်နေပါပြီ။

ဒီအချက်တွေကတော့ နယူးယောက်မှ physical therapist တစ်ဦးဖြစ်တဲ့ Jasmine Marcus မှ Insider နဲ့ အင်တာဗျူးထားတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။

Penny

SHARE