ရှိသမျှရောဂါပိုးတွေ စတိုးဆိုင်အတွင်း ကပ်ကျန်မနေစေဖို့၊ မီးလောင်တိုက်သွင်းခဲ့တဲ့ ပိုင်ရှင်

BruceRockPoliceDepartment

အရာရာကို သံသယကြီးလွန်းတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကတော့ သူရဲ့ သံသယစိတ်ကပဲ သူ့ကို ဖျက်ဆီးသွားတယ်လို့ ဆိုရမှာပါ။ ကိုဗစ်ကာလမှာ လူတိုင်း ရောဂါပိုးကို ကြောက်ကြပေမယ့် ဒီလူလောက်တော့ အစိုးရိမ် မလွန်လောက်ပါဘူး။

ဒါပေမယ့် ခြွင်းချက်အနေနဲ့တော့ တောင်ကိုရီးယားလူမျိုးတစ်ဦးက ပိုက်ဆံတွေမှာ ရောဂါပိုး ကပ်ပါလာနိုင်တယ်ဆိုပြီး အခု ဒီစတိုးဆိုင်ပိုင်ရှင် ဖြေရှင်းသလိုမျိုး ဖြေရှင်းဖူးပါတယ်။ အဲဒီလူကတော့ ပိုက်ဆံတွေကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ခဲ့တာပါ။ ပိုက်ဆံတွေ အကုန်နီးပါး ပျက်စီးခဲ့ရပါတယ်။

BruceRockPoliceDepartment

အခု ဒီစတိုးဆိုင်ပိုင်ရှင်ကတော့ တောင်ကိုရီးယားကလူထက် ပိုဆိုးသွားပါတယ်။ သူက သူပိုင်စတိုးဆိုင်အတွင်း ရောဂါပိုး တစ်ကောင်မှမရှိအောင်ဆိုပြီး ဆိုင်တစ်ခုလုံးကို မီးလောင်တိုက်သွင်းလိုက်တာပါ။ သူ့အမည်ကတော့ Edward Guy Mason ဖြစ်ပြီး၊ သြစတေးလျ မြောက်ပိုင်းသားပါ။

ပြီးခဲ့တဲ့မတ်လက ဒီပြစ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ Mason ဟာ အသက်(၅၇)နှစ်ဖြစ်ပြီး၊ စတိုးဆိုင်က ထရိုလီသုံးစင်းကို စက္ကူတွေ၊ ဂျက်ဖာတွေနဲ့ ပတ်ပြီး၊ မီးရှို့ခဲ့တာဖြစ်ပါတယ်။ အဲဒီကနေ ဆိုင်ကို မီးက တစ်ဆင့်စွဲလောင်သွားတာပါ။ နောက် Mason ဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ပျက်စီးဆုံးရှုံးမှုဟာ ဒေါ်လာတစ်သန်းဖိုးလောက်ရှိခဲ့ပြီး၊ ဘေးချင်းကပ်မှာ ဖွင့်ထားတဲ့ ညီဖြစ်သူရဲ့ Hardware စတိုးကိုပါ မီးက ကူးစက်လောင်ကျွမ်းခဲ့တာပါ။ သူ့ကို နေအိမ်မှာပဲ ဖမ်းဆီးရမိခဲ့ပြီး၊ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ သူဟာ ဒီအမှုမကျူးလွန်ခင်မှာ ဆေးခြောက် (၈) Bong အထိ ရှုထားပါသတဲ့။

Mason ဟာ ကိုဗစ်ကြောင့် လုပ်ငန်းကိုင်ငန်းတွေ ကစဥ့်ကလျားဖြစ်သွားကတည်းက စိတ်ဓာတ်အကြီးအကျယ် ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုလို ဖျက်လိုဖျက်ဆီးလုပ်တာဟာ ကိုဗစ်ကို ကြောက်လို့ထက်၊ စိတ်ဖိစီးမှုတွေနဲ့ ထင်ရာမြင်ရာ ကမူးရူးထိုး လျှောက်လုပ်ခဲ့ပုံရပါတယ်။ Mason ရဲ့ရှေ့နေကတော့ ဗိုင်းရပ်စ်ကို ကြောက်လို့ ဒီလိုလုပ်တာလို့ ထွက်ဆိုထားတာပါ။

 

လောလောဆယ်တော့ Mason ကို ရဲခစန်းမှာပဲ ဖမ်းဆီးထားပြီး စိတ်ပိုင်းဆိုင်ရာရောဂါအတွက် Anti-depressant medication ကုထုံးနဲ့ စိတ်ပညာရှင်တွေဆီက အကြံဉာဏ်ရယူတဲ့ အပိုင်းကို လုပ်ဆောင်နေပါတယ်။ Mason နဲ့ရင်းနီးတဲ့ ဒေသခံတွေကတော့ ဒီလုပ်ရပ်အတွက် အံ့သြနေပြီး၊ သူဟာ ဒီလိုလူမဟုတ်ကြောင်း ထောက်ခံနေကြပါတယ်။

ကနဦးက တရားသူကြီးက ထောင်ဒဏ်(၁၆)လ ချမှတ်ထားသော်လည်း ရပ်မိရပ်ဖတွေရဲ့ Mason အပေါ် ထောက်ခံမှုတွေအပြင်၊ Mason ကိုယ်တိုင်က ပြစ်မှုမှတ်တမ်းဟောင်းလည်း မရှိခဲ့တာကြောင့် ယင်းထောင်ဒဏ်တွေကို ပယ်ဖျက်ပေးခဲ့ပါတယ်။ အချုပ်မှာ လေးလကြာမြင့်နေပြီ ဖြစ်ပြီး၊ စိတ်ချရတဲ့အနေအထားရှိရင် ရဲက လွှတ်ပေးမှာပါ။ ဒါပေမယ့် သူ့ညီကိုတော့ လျှော်ကြေး ဒေါ်လာ (၄၇၉၀၀၀)ကို တရားရုံးရှေ့မှောက်မှာ ပေးလျှော်ရဦးမယ်လို့ သိရပါတယ်။

လင်းသူရိန်

SHARE