အခက်အခဲတွေကြားက နိုင်ငံအသွယ်သွယ်ဖြတ်ကာ စွန့်စားဖွင့်ခဲ့တဲ့ စင်္ကာပူကျောင်းသားလေး

Facebook/amrin.page

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စလိုဗေးနီးယားနိုင်ငံမှာ ၄င်းနယ်စပ်တွေကို ပိတ်ပစ်လိုက်တဲ့အခါ စင်္ကာပူကျောင်းသားလေးတစ်ဦးဟာ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ဖြတ်ကျော်ပြီးနောက်မှ မွေးရပ်မြေထံ ပြန်လည်ရောက်ရှိခဲ့ကြောင်း asiaone သတင်းစာမျက်နှာအရ သိရပါတယ်။ Nazrul Syahmi ဆိုသူ လူငယ်လေးဟာ စလိုဗေးနီးယားမှာ လေကြောင်းနဲ့ ကုန်းတွင်းပိုင်းခရီးသွားလာမှုတွေကို တားမြစ်ပိတ်ပင်လိုက်တဲ့အတွက် ၄င်းနိုင်ငံထဲ (၁၂) ရက်ကြာအောင် သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့နောက်ဆုံးမှာတော့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) နဲ့ အခြားသော နိုင်ငံခြားသံတမန်တွေရဲ့အကူအညီနဲ့ စင်္ကာပူနိုင်ငံဆီပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Amrin Amin ကတော့ မတ်လ (၃၀) နေ့မှာပဲ ဖေ့စ်ဘုတ်ပို့စ်တစ်ခုကို တင်ခဲ့တာပါ။ သူကတော့ Nazrul ကို ကယ်ဆယ်ရေးဟာ ရုပ်ရှင်ဇာတ်ကားတစ်ကားနဲ့တောင် တူကြောင်းနဲ့ ဗြိတိသျှသံအမတ်တွေက Nazrul ကို အစောင့်အရှောက်တွေနဲ့ မူရင်းနိုင်ငံဆီ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

Nazrul ဟာ ဖေဖော်ဝါရီလ (၂၆) နေ့မှာ စင်္ကာပူကနေ ဥရောပဘက်ကို ထွက်လာခဲ့တာပါ။ သူထွက်သွားပြီး နောက်ပိုင်းမှ စင်္ကာပူအစိုးရက အကြောင်းကိစ္စအရေးတကြီးမရှိရင် ခရီးမသွားဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ Nazrul ဟာ ဥရောပဘက်ကို တစ်ကိုယ်ရည်တစ်ကာယ ကျောပိုးအိတ်တစ်လုံးနဲ့ သွားရောက်လည်ပတ်ခဲ့ပါ။ မတ်လ (၁၄) ရက်မှာတော့ သူဟာ စလိုဗေးနီးယားနိုင်ငံရဲ့ မြို့တော် Ljubljana ကို ရောက်ရှိပါတယ်။ Nazrul ဟာ မတ်လ (၁၇) ရက်နေ့မှာ စင်္ကာပူနိုင်ငံဆီ ပြန်လည်ထွက်ခွာဖို့ အစီအစဉ်ဆွဲပြီးသားပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ စလိုဗေးနီးယားအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့အတွက် မတ်လ (၁၆) ရက်နေ့မှာ ကုန်းတွင်းပိုင်း ခရီးသွားလာမှုတွေ ပိတ်လိုက်ပြီး မတ်လ (၁၇) ရက်နေ့မှာတော့ လေကြောင်းလိုင်းအ၀င်အထွက်တွေကိုပါ ပိတ်ပစ်လိုက်ပါတယ်။

READ
သင့်ကို ၂ ခါပြန်ကြည့်မှနားလည်သွားစေမဲ့ ဓာတ်ပုံများ

Nazrul ဟာ လေဆိပ်ကိုသွားချင်ပေမယ့် ဒေသခံတက္ကစီသမားတွေက လေဆိပ်ဟာ မြို့ပြင်မှာဖြစ်တဲ့အတွက် တစ်ယောက်မှ လိုက်မပို့ကြပါဘူး။ ဒါနဲ့ Nazrul ဟာ ဟိုတယ်မှာပဲ သောင်တင်နေခဲ့ရပါတယ်။ သူဟာ ခရိုအေးရှားနိုင်ငံဆီ သွားဖို့ ကြိုးစားပါသေးတယ်။ ခရိုအေးရှားမှာလည်း ခရီးသွားလာရေးအစီအစဉ်တွေကို တားမြစ်ထားပြီး အိမ်ပြန်လာမယ့် ခရိုအေးရှန်းနိုင်ငံသားတွေနဲ့ ကိုယ့်နိုင်ငံကိုယ်ပြန်မယ့် နိုင်ငံခြားသားတွေလောက်ပဲ လက်ခံတော့တာပါ။

စင်္ကာပူနိုင်ငံက Nazrul ရဲ့မိသားစုကလည်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ပြီး ထိုမှတဆင့် အင်္ဂလန်မှာရှိတဲ့ စင်္ကာပူကော်မရှင်နာမင်းကြီးဆီ အကူအညီလှမ်းတောင်းပါတယ်။ ထို့နောက်မှာတော့ Nazrul ကို စလိုဗေးနီးယားမှာရှိတဲ့ ဗြိတိသျှသံရုံးကနေ စုံစမ်းရှာဖွေပြီး သံရုံးက အစောင့်အရှောက်တွေနဲ့ခြံရံကာ သြစတြီးယားနိုင်ငံမြို့တော် ဗီယင်နာမြို့လိုက်ပို့ပါတယ်။

Facebook/amrin.page

ထိုမှတဆင့် Nazrul ဟာ နယ်သာလန်နိုင်ငံ ဆီ ရောက်သွားခဲ့ပြီး နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တော်ကနေ လေကြောင်းနဲ့ လန်ဒန်ဆီ ရောက်သွားခဲ့ပါတယ်။ လန်ဒန်ကို ရောက်တဲ့အခါကျမှ တာဝန်ရှိသူတွေဟာ စင်္ကာပူနိုင်ငံဆီ ပျံသန်းမယ့် Singapore Airlines လေယာဉ်နဲ့ Nazrul ကို ဘွတ်ကင်ချိန်ပေးခဲ့ပါတယ်။ Nazrul ဟာ မတ်လ (၂၈) ရက်နေ့မှ စင်္ကာပူနိုင်ငံဆီ ပြန်ရောက်ခဲ့ပါတယ်။ အခုဆိုရင်တော့ Nazul ဟာ နိုင်ငံခြားက ပြန်လာတဲ့အတွက် အစိုးရရဲ့ အိမ်မှာနေခိုင်းတဲ့အမိန့်ကို လိုက်နာနေပါတယ်။ ဒါပေမဲ့လည်း ကိုယ့်အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး အိမ်ရောက်တာတောင်မှ သတင်းမေးနေသေးတဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကို အတိုင်းမသိ ကျေးဇူးတင်ကြောင်းလည်း Nazrul က ပြောပြခဲ့ပါတယ်။

READ
ဓာတ်ပုံရိုက်ရင်းပေါ်လာတဲ့ နောက်ခံမြင်ကွင်းကြောင့် အကြီးအကျယ်ထိတ်လန့်ခဲ့ရတဲ့ ဓာတ်ပုံဆရာ

လင်းလင်း (ShweMom)

SHARE