စပိန်နိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး ပထမဆုံးတွေ့ဆုံနှုတ်ဆက်တဲ့အခါ ပါးကိုမနမ်းဘူးဆိုရင် ရိုင်းပြတယ်လို့ ယူဆပါတယ်။ ဒါက ယဉ်ကျေးမှုဓလေ့တစ်ခုပါပဲ။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာတော့ ယဉ်ကျေးမှုဓလေ့တွေကွဲပြားနေတာ အမှန်ပါ။ ဒါကြောင့် သူများနိုင်ငံရောက်တဲ့အခါ ကိုယ့်အပြုအမူကရိုင်းတယ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မထင်ရလေအောင် သူတို့ယဉ်ကျေးမှုနဲ့ဓလေ့ထုံးစံတွေကို လေ့လာသင့်ပါတယ်။ အခုအခါမှာတော့ brightside သတင်းစာမျက်နှာကနေတဆင့် ကမ္ဘာတစ်လွှားထူးခြားတဲ့ယဉ်ကျေးမှုဓလေ့တွေကို ဖော်ပြပေးလိုက်ပါတယ်။
ချီလီ
ချီလီနိုင်ငံမှာ အစားစားတဲ့အခါ အစားအစာကိုလက်နဲ့မထိဘဲစားတာ အကောင်းဆုံးပါ။ ချီလီသားတွေက အစားအစာတစ်ခုခုကို လက်နဲ့ထိလိုက်ရင် အရသာမရှိတော့ဘူးဆိုပြီး ယူဆတတ်ပါတယ်။ ဒါကြောင့် စားသောက်တိုင်း သူတို့က ဓားနဲ့ခက်ရင်းကို အသုံးပြုလေ့ရှိပါတယ်။

ကိုရီးယား
ကိုရီးယားယဉ်ကျေးမှုမှာ အသက်ကြီးသူတွေကို အလေးထားပါတယ်။ ထမင်းဝိုင်းမှာ ဝိုင်းဖွဲ့စားသောက်ကြပြီဆိုရင် အိမ်က အသက်ကြီးဆုံးပုဂ္ဂိုလ်ထမင်းစားပွဲထဲရောက်တော့မှ အခြားအိမ်သားတွေ စားသောက်ရပါတယ်။ ပြီးတော့လည်း အဲ့ဒီပုဂ္ဂိုလ်ထမင်းစားသောက်လို့မပြီးမချင်း ထမင်းဝိုင်းကနေ ဘယ်သူမှ အရင်မထရပါဘူး။ ပြီးတော့ သင့်ထက် အသက်ကြီးသူ တစ်စုံတစ်ယောက်က သောက်ဖို့ကမ်းပေးတဲ့အခါ ခွက်ကိုလက်နှစ်ဖက်နဲ့ ရိုရိုသေသေလက်ခံရပါတယ်။
တရုတ်
တရုတ်ရိုးရာမှာတော့ တရုတ်လူမျိုးတွေဟာ ထမင်းဝိုင်းထဲငါးတစ်ကောင်လုံးကို အကောင်လိုက်တည်ခင်းပြီး စားသောက်ကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့အချို့သော အရပ်ဒေသတွေမှာဆိုရင် ငါးကိုတည်ခင်းထားတဲ့အတိုင်းပဲ စားသောက်ရပါတယ်။ တစ်ဖက်ခြမ်းကိုမလှန်ရပါဘူး။ အကြောင်းရင်းက ငါးကိုလှန်တဲ့အခါ ငါးဖမ်းလှေကိုမှောက်လိုက်သလိုပဲ ကံဆိုးတယ်လို့ ယူဆကြလို့ဖြစ်ပါတယ်။

ဂျပန်
ဂျပန်မှာ အိမ်ထဲဝင်မယ်ဆိုရင် အိမ်ဝမှာဖိနပ်ချွတ်ရပါမယ်။ ဒီရိုးရာဟာ Heian ကာလကနေ လာခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက ရွှံ့တွေပေကျံနေတဲ့ဖိနပ်တွေကြောင့် အိမ်ထဲညစ်ပတ်နေမှာစိုးရွံ့ကြပါတယ်။ သူတို့အိပ်တဲ့နေရာ၊ ထိုင်တဲ့နေရာ၊ စားတဲ့နေရာတွေကို ကြမ်းခင်းမှာကောက်ရိုးတွေခင်းထားတဲ့အတွက် အိမ်ထဲကိုခြေဗလာသို့မဟုတ် ခြေအိတ်နဲ့ပဲ ဝင်ရတဲ့ဓလေ့ဟာ အခုထိမပျောက်ပျက်ဘဲရှိနေတာပါ။
အိန္ဒိယ
တရုတ်နိုင်ငံမှာတော့ ဧည့်သည်ဟာ ထမင်းစားပန်းကန်ထဲမှာရှိတဲ့အစားအသောက်ကို ကုန်စင်အောင်စားရင် အိမ်ရှင်အပေါ်ရိုင်းတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယမှာတော့ဆန့်ကျင်ဘက်ဖြစ်ပြီး ပန်းကန်ထဲက အစားအသောက်ကို ကုန်စင်အောင်စားတာဟာ အစားအသောက်အပေါ် ရိုသေတဲ့အပြုအမူလို့သတ်မှတ်ပါတယ်။

တောင်ကိုရီးယား
တောင်ကိုရီးယားမှာ အနီရောင်ဟာ သေခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆုံးသွားတဲ့သူတွေကို အမှတ်အသားပြုဖို့ အနီရောင်ကိုသုံးပါတယ်။ တကယ်လို့ အသက်ရှင်နေတဲ့လူရဲ့အမည်ကို အနီရောင်နဲ့ရေးရင် ကံဆိုးတယ်လို့ သတ်မှတ်ကြောင်းလည်း သိရပါတယ်။
ဘူဂေးရီးယား
ဘူဂေးရီးယားမှာတော့ ဟုတ်တယ်မဟုတ်ဘူးပြောတဲ့ကိစ္စက အခြားအရပ်ဒေသတွေနဲ့မတူပါဘူး။ ခေါင်းခါရင် ဟုတ်တယ်၊ ခေါင်းညိတ်ရင် မဟုတ်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ မေးခွန်းတွေကို ပြန်ဖြေတဲ့အခါ သတိသေချာထားသင့်ပါတယ်။
ShweMom