ဆင်းရဲလို့ အနိုင်ကျင့်ခံရတဲ့ ကျောင်းသားလေးကို၊ အတန်းဖော်တွေ စုပြီး Surprise လုပ်ပေးခဲ့

Twitter/LeeToldson

အနိုင်ကျင့်နှိပ်စက်မှုဆိုတာ တိရစ္ဆာန်အချင်းချင်းကြားမှာ မပြောနဲ့၊ လူအချင်းချင်းကြားမှာလည်း အခုအချိန်ထိ ရှိနေဆဲပါ။ အနိုင်ကျင့် နှိက်စပ်မှုထဲမှာ ဘယ်လိုအခြေအနေတွေ ပါဝင်သလဲဆိုရင် လူတစ်ယောက်ကို အရှက်ကွဲအောင်လုပ်တာ၊ ကဲ့ရယ်တာ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်လုပ်တာ၊ ဆဲဆိုခြိမ်းခြောက်တာ၊ ခိုက်ရန်ပြုတာစတာတွေ ပါဝင်ပါတယ်။

ဘယ်လိုလူတွေ အနိုင်ကျင့်ခံရသလဲဆိုရင် အဖက်ဖက်က အားနည်းချက်ရှိနေသူတွေ၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူတွေဟာ အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ လူနေမှုပတ်ဝန်းကျင် တစ်ခုခုမှာ အနိုင်ကျင့်နှိပ်စက်ခံရလေ့ရှိပါတယ်။ ဒါတွေကို လူ့အသိစိတ်ဓာတ်နဲ့ ကိုယ်ချင်းစာနာ ထောက်ထားနိုင်မှ ဒီလိုအကျင့်တွေက ပျောက်မှာပါ။

Twitter/PorterHarris

အခုလည်း အမေရိကန်၊ Idaho ပြည်နယ်၊ Idaho Falls မြို့မှာရှိတဲ့အထက်တန်းကျောင်းမှာ ငွေရေးကြေးရေးအရ မပြည့်စုံတဲ့ ကျောင်းသားတစ်ယောက်ကို တချို့ကျောင်းသားတွေက အနိုင်ကျင့် နှိပ်စက်တာမျိုးရှိခဲ့ပါတယ်။ ကျောင်းသားရဲ့အမည်ကတော့ Dylan Guilmette ဖြစ်ပြီး၊ သူ့ရဲ့ထူးခြားချက်က ဝတ်စုံတစ်ခုတည်းကိုပဲ ထည်လဲဝတ်ဆင်ခဲ့တာပါ။

ဖိနပ်လည်းဒါ၊ လက်အိတ်လည်းဒါ၊ စောင်းတဲ့ဦးထုပ်ကလည်း ဒါပါပဲ။ သူဟာ ဆင်းရဲတဲ့ကျောင်းသားဖြစ်ပြီး၊ ထူထဲလှတဲ့ မျက်မှန်ကြီး တပ်ထားတာကလည်း သူ့ကို စနောက်ဖို့ အချက်တစ်ခုဖြစ်ခဲ့ပါတယ်။ Dylan ဟာ Thunder Ridge အထက်တန်းကျောင်းမှာ တက်ရောက်သူဖြစ်ပါတယ်။ အနေအေးပြီး စကားနည်းသလို၊ လူပေါင်းလည်း သိပ်မဆန့်ပါဘူး။

Twitter/PorterHarris

သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က မိခင်ကို ဆုံးရှုံးပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရပြီး၊ အဲဒီခံစားမှုကလည်း သူ့ရဲ့ လက်ရှိအခြေအနေပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ တော်တော်များများ ကျောင်းသားတွေကတော့ သူ့ကို မြင်လိုက်တာနဲ့ အနည်းဆုံးတော့ အော်ဟစ်နောက်ပြောင်ကြပြီး၊ တစ်ခါတလေ ဆဲဆိုတာမျိုးတောင် ခံရပါတယ်။

Dylan ရဲ့ မွေးနေ့မတိုင်ခင် (၂)ပတ်အလိုမှာ ခပ်ရိုင်းရိုင်းကျောင်းသားတစ်ယောက်က သူရဲ့လက်အိတ်တွေကို ကျောင်းအိမ်သာ မိလ္လာခွက်ထဲကို လွှင့်ပစ်ခဲ့ပါတယ်။ Dylan ဟာ ဘယ်သူ့ဆီကမှ အကူအညီ မရခဲ့သလို၊ ကိုယ်တိုင်ကလည်း ဘာမှ ပြန်မလုပ်နိုင်လို့ ဝမ်းနည်းစွာ ငိုခဲ့ရတဲ့နေ့ပေါ့။

Twitter/PotterHarris

ဒါပေမယ့် သဘောကောင်းပြီး ကိုယ်ချင်းစာတတ်တဲ့ ကျောင်းသားတွေကတော့ သူ့ကို အကူအညီပေးရေး လက်မနှေးကြပါဘူး။ ကျောင်းဘေ့စ်ဘောအသင်းခေါင်းဆောင် Porter Harris ဦးဆောင်ပြီး၊ သူငယ်ချင်းတွေ ပိုက်ဆံစုကာ Dylan ရဲ့ မွေးနေ့ကို Surprise လုပ်ခဲ့ပါတယ်။ Dylan လက်တလော အသုံးတည့်မယ့် ကျောပိုးအိတ်၊ အဝတ်အထည်မျိုးစုံ၊ ဖိနပ်အသစ်၊ လက်အိတ်အသစ် စတာတွေဖြစ်ပါတယ်။

 

ကျောင်းသားတိုင်းကတော့ ဆိုးသွမ်းကျောင်းသားတွေ မဟုတ်ကြပါဘူး။ Dylan ဟာ ဝမ်းသာလွန်းလို့ ဒူးထောက်ထိုင်ချလိုက်တဲ့အထိ ဖြစ်ခဲ့ရရှာတာပါ။ Dylan အနေနဲ့ နောက်ရက်တွေမှာ မဲပြာပုဆိုးဝတ်စုံနဲ့ ကျောင်းသွားဖို့ မလိုတော့ပါဘူး။ သူဟာ မကြာမီမှာ လူသစ်စိတ်သစ်နဲ့ ပညာရေးကို ပိုပြီးအာရုံစိုက်နိုင်မယ်လို့ ယူဆရပါတယ်။

 

ဒီအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်လေးဟာ လူမှုကွန်ရက်မှာတော့ လူအများသဘောကျခြင်း ခံနေရပါတယ်။ တစ်ချို့ကလည်း Dylan ဟာ အောင်မြင့်မယ့်အလားအလာကို ပိုင်ဆိုင်ထားတဲ့ လူငယ်လို့ ဟောကိန်းထုတ်နေပါတယ်။ သူတို့ယူဆချက်မှာတော့ တကယ်တမ်း အောင်မြင်မှု ကြီးမားစွာ ရရှိနေသူတွေဟာ ဝတ်စုံဆိုရင် ပုံစံတူ၊ အရောင်တူဝတ်စုံတစ်မျိုးတည်းပဲ ဝတ်တတ်ကြကြောင်း ဆိုပါတယ်။

လင်းဇော်ကို

SHARE