ကိုရီးယားကျွန်းဆွယ်ကို တောင်/မြောက် မခွဲခင်အချိန်တုန်းက တွေ့ရတဲ့ ရှားပါးပုံရိပ်များ

မြောက်ကိုရီးယားနိုင်ငံမှာ ကင်မင်းဆက်အုပ်စိုးပြီးတဲ့နောက် မြောက်ကိုရီးယားဟာ ကွန်မြူနစ်နဲ့ အုပ်ချုပ်ခံခဲ့ရပါတယ်။ အခုတွေ့ရမှာကတော့ မြောက်ကိုရီးယားမှာ ကင်မင်းဆက်မအုပ်စိုးမီ အချိန်တုန်းက တွေ့ရတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။  လက်ရှိမြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်ရဲ့ အဖိုးဖြစ်သူ ကင်အီဆွန်ဟာ ဂျပန်အင်ပါယာကို ဆန့်ကျင်ပြီး ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၈) ခုနှစ်မှာ မြောက်ကိုရီးယားကို အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ယနေ့ခေတ်နဲ့ယှဉ်ရင်တော့ ဓာတ်ပုံတွေဟာ တော်တော်လေးကွာခြားနေတာဖြစ်ပြီး ဂျပန်အင်ပါယာအုပ်စိုးစဉ်အချိန်ကပုံတွေဖြစ်လို့ ဂျပန်ရဲ့ အငွေ့အသက်တွေကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

(၁၉၀၈) ခုနှစ်နဲ့ (၁၉၂၂) ခုနှစ်ကြားမှာ ရိုက်ကူးခဲ့တဲ့ ရောင်စုံဓာတ်ပုံဖြစ်ပါတယ်။ ကိုရီးယန်းကျေးလက် အမျိုးသမီးတွေဟာ ဘောင်းဘီတွေကို ဒူးထိလိပ်တင်ပြီး လယ်ကွင်းတွေထဲမှာ စပါးစိုက်နေကြတာ ဖြစ်ပါတယ်။ ထိုအချိန်တုန်းက ကိုရီးယားကျွန်းဆွယ်ဟာ ဂျပန်အင်ပါယာထက် အများကြီး ဖွံ့ဖြိုးမှုအားနည်းပါးပါတယ်။

မြောက်ကိုရီးယားမြို့တော်ပြုံးယမ်းကနေ မိုင်(၈၀) အကွာမှာရှိတဲ့ ဟေဂျူးမြို့ ဆေးရုံက သူနာပြုတွေ ဖြစ်ပါတယ်။ ဟေဂျူးမြို့ဟာ သမိုင်းပညာရှင်တွေအတွက်တော့ စိတ်ဝင်စားစရာကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အထူးသဖြင့် ကြာကန်ထဲမှာ ဆောက်လုပ်ထားတဲ့ ပြူယွန်းအဆောက်အဦဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၁,၅၀၀)ခန့်ကတည်းက တည်ဆောက်ထားတယ်လို့ သိရပါတယ်။

ကလေးတွေဟာ ကိုရီးယားနိုင်ငံက မူကြိုကျောင်းတစ်ကျောင်းမှာ အနောက်တိုင်းပုံစံဆောက်လုပ်ထားတဲ့ အရုပ်အိမ်လေးတွေနဲ့ ကစားနေတာပါ။ ပြုံးယမ်းထဲ ဆိုဗီယက်အယူဝါဒတွေ မစိမ့်ဝင်ခင်မှာ ပြုံးယမ်းရဲ့ လူနေအိမ်တွေဟာ ရိုးရာ ကိုရီးယန်းနဲ့ အနောက်ပိုင်းစတိုင် ပုံစံတွေကို ရောထွေးဆောက်လုပ်ထားတာပါ။

READ
ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေကိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဆိုဗီယက်အမျိုးသမီးလေသူရဲများ

ပြုံးယမ်းအထက်တန်းကျောင်းက ယောက်ျားလေးဆောင်တစ်ဆောင်ကို ဓာတ်ပုံရိုက်ကူးထားတာပါ။ ပြွတ်ကြပ်နေအောင် အိပ်နေရတဲ့ ကျောင်းသားလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။

ဟေဂျူးမြို့ ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေ ဖြစ်ပါတယ်။ ပုံထဲမှာ အနောက်တိုင်းသားလို့ ယူဆရတဲ့ ဆရာဝန်တစ်ယောက်ကိုလည်း တွေ့ရပါသေးတယ်။ သူနာပြုတွေကတော့ လူနာတွေကို အလျှိုလျှိုပြုစုနေကြတာပါ။ ဟေဂျူးမြို့ဟာ ယနေ့မှာဆိုရင် လူဦးရေ(၂) သိန်းလောက် နေထိုင်ပြီး ဓာတုနဲ့ ဘိလပ်မြေလုပ်ငန်းတွေအတွက် ကုန်တင်ကုန်ချ အချက်အခြာကျတဲ့မြို့လည်း ဖြစ်ပါတယ်။

ယနေ့ထက်တိုင် ရှိနေသေးတဲ့ ကီဂျီအုတ်ဂူဖြစ်ပါတယ်။ ပြုံးယမ်းမြို့တော်ကြီးကို ကနဦးတည်ထောင်ခဲ့သူ ကီဂျီမြှုပ်နှံထားရာ အုတ်ဂူလို့လည်း ဆိုကြပါတယ်။ ပါးစပ်ပြောစကားတွေအရတော့ ကီဂျီဟာ မြို့တော်ကို (၁၁၀၂) ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး သူဟာ တရုတ်ပြည်က ရောက်လာသူတစ်ဦးလို့ သိရပါတယ်။

(၁၉၂၀) ခုနှစ်အရောက်မှာတော့ ကိုရီးယားမှာ သမ္မာကျမ်းစာလေ့လာမှုတွေ စတင်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ကင်အီဆွန်းရဲ့ မိခင်ဟာ ခရစ်ယာန်တစ်ယောက်ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဟာ ဂျပန်အင်ပါယာလက်ထက်မှာ ခွင့်ပြုခံခဲ့ရပေမယ့် ကင်အီဆွန်းလက်ထက် ရောက်တဲ့အခါမှာတော့ တားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။

READ
လူသိပ်မသိခဲ့ကြတဲ့ ဓာတ်ပုံများမှပြောသော သမိုင်းဝင်အမှတ်တရပုံရိပ်များ

(၂၀) ရာစုအစောပိုင်းတုန်းက ဗြိတိသျှအမေရိကန် ဆေးရွက်ကြီးကုမ္ပဏီက အသုံးပြုတဲ့ သရုပ်ပြရထားတစ်စီးဖြစ်ပါတယ်။ မြောက်ကိုရီးယားရော တောင်ကိုရီးယားလူမျိုးတွေဟာ ဆေးလိပ်နှစ်ခြိုက်ကြသူတွေဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ကင်ဂျုံအန်ကိုလည်း စီးကရက်ခဲပြီး အလုပ်လုပ်နေတာကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။

ဝန်စည်စလှယ်တွေကို သယ်ဆောင်ဖို့ ကျွဲနွားတွေကို အသုံးပြုနေတာဖြစ်ပြီး ယနေ့ထက်တိုင်အောင် ဒီအလေ့အကျင့်ကို မြောက်ကိုရီးယားမှာ တွေ့ရပါသေးတယ်။ ပုံထဲက အမျိုးသားကြီးဟာ ကြီးမားတဲ့ ဦးထုပ်ဖားဖားကြီးကို ၀တ်ဆင်ထားပါတယ်။ ဒီလိုဦးထုပ်မျိုးကို အာရှတိုက်တစ်ဝှမ်းမှာ တွေ့ရတတ်ပြီး ကိုရီးယားမှာတော့ အဲဒီဦးထုပ်ကို ဆက်ဂတ်လို့ ခေါ်ပါတယ်။ ဦးထုပ်ကြီးတွေဟာ နေဒဏ်၊ မိုးဒဏ်တွေကို ခံနိုင်ရည်ရှိပုံပေါ်ပါတယ်။

ဒါကတော့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ ရိုက်ကူးထားတဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ စုပေါင်းဓာတ်ပုံဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ မြောက်ကိုရီးယား ပြုံးယမ်းမှာ ခရစ်ယာန်ဘုရားကျောင်း (၅) ကျောင်းရှိနေပြီဖြစ်ပြီး ကက်သိုလစ်(၁) ကျောင်း၊ ပရိုတက်စတင့်(၃) ကျောင်းနဲ့ ရုရှား အော့သိုဒေါ့စ်(၁) ကျောင်းတို့ရှိကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE