ကလေးမွေးရင်းတန်းလန်းနဲ့ ရှေ့နေဖြစ် စာမေးပွဲကို ရအောင်ဖြေဆိုခဲ့တဲ့ အမျိုးသမီး

Brianna Hill

ဥပဒေစာမေးပွဲတွေဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ အမေရိကန် အီလီနွိုက်ပြည်နယ်နေ အမျိုးသမီးတစ်ဦးကတော့ ထူးထူးခြားခြား မီးတွင်းထဲမှာပဲ ဥပဒေစာမေးပွဲဖြေဆိုခဲ့တယ်လို့ abc13 သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါအမျိုးသမီးနာမည်က ဘရီရန်နာဟေးလ်ပါ။ သူမက ချီကာဂိုမှာရှိတဲ့ လိုယိုလာတက္ကသိုလ်ကနေ ဘွဲ့ရထားတာ မကြာသေးပါဘူး။ ဘရီရန်ဟာ ရှေ့နေဖြစ်စာမေးပွဲအောင်ဖို့ကြိုးစားခဲ့ပါတယ်။ သူမကိုယ်ဝန်ရှိနေတဲ့အချိန်မှာ ကိုဗစ်လည်းမဖြစ်သေးတဲ့အတွက် အေးအေးဆေးဆေးပဲ ဖြေဆိုနိုင်မယ်ဆိုပြီး သူမကတွေးထားတာပါ။ ဒါပေမဲ့ ကပ်ရောဂါကြောင့် စာမေးပွဲကိုနောက်ဆုတ်လိုက်တဲ့အခါ ဘရီရန်က ကိုယ်ဝန်၃၈ ပတ်ထဲရောက်နေပြီဖြစ်လို့ စိုးရိမ်သွားခဲ့ပါတယ်။

YouTube/NBCChicago

ရှေ့နေဖြစ်စာမေးပွဲကို အွန်လိုင်းကပဲကျင်းပပြီး ၂ရက်ကြာဖြေဆိုရတာပါ။ မိနစ်၉၀ ကြာ အပိုင်း၎ပိုင်းပါဝင်ပါတယ်။ လိုင်းပေါ်ကနေ စာမေးပွဲဖြေဆိုရတာကတော့ ဒီတိုင်းဖြေရတာမဟုတ်ပါဘူး။ တစ်ချိန်လုံး ကွန်ပြူတာရှေ့မှာထိုင်ပြီး ကင်မရာဖွင့်ထားရတာပါ။

ဘရီရန်က “ပထမဆုံးရက် ကျွန်မစာမေးပွဲဖြေနေတာ နာရီဝက်လောက်ကြာတော့ စိတ်ထဲကနေ ရေမြွှာမပေါက်ပါစေနဲ့ဦးလို့ ပြောနေတာ။ ပထမဆုံးအပိုင်းဖြေဆိုပြီးလို့ မတ်တပ်ရပ်လိုက်တော့မှ ရေမြွှာပေါက်နေမှန်း သိလိုက်ရတာ။” ဒါပေမဲ့လည်း ရေမြွှာပေါက်တာနဲ့ ဘရီရန်က အစိုးရိမ်လွန်ပြီး ဆေးရုံတန်းသွားခဲ့တာတော့ မဟုတ်ပါဘူး။

READ
ဘုရားသခင်ရဲ့ စေခိုင်းချက်ကြောင့်ဟုဆိုကာ ၁၈နှစ်တိုင်အောင်ကျင်းတူးနေသည့်အဖိုးအို
YouTube/NBCChicago

“ကျွန်မ ခဏအနားယူလိုက်တယ်။  ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်တယ်။ ကျွန်မအမျိုးသား၊ အမေနဲ့ သားဖွားဆရာမတို့ကိုခေါ်လိုက်တယ်။ နည်းနည်းကြောက်နေပြီလေ။ ပြီးတော့ ဒုတိယပိုင်းဆက်ဖြေဖို့ ပြန်ထိုင်လိုက်တယ်။ သားဖွားဆရာမက ဆေးရုံသွားဖို့ အချိန်လိုသေးတယ်။ ဆက်ဖြေလို့ရတယ်ဆိုလို့ ဖြေလိုက်တယ်။” ဘရီရန်ဟာ ဆေးရုံကို ညနေ ၅နာရီခွဲမှာရောက်သွားခဲ့ပြီး သားဦးလေးကို ည၁၀နာရီမှာမွေးခဲ့ပါတယ်။

ကလေးမွေးပြီးဒုတိယရက်မှာတော့ ဘရီဟာ ဒုတိယနေ့စာမေးပွဲအတွက် ကျန်တဲ့အပိုင်းတွေကိုဆက်ဖြေပါတယ်။ ဆေးရုံက သူနာပြုကတော့ ဘရီရန်ကို စာမေးပွဲဖြေဖို့အခန်းလွတ်တစ်ခန်းပေးပြီး စာဖြေခိုင်းခဲ့ပါတယ်။ ဘရီရန်ဟာ မိသားစုရဲ့ အကူအညီ၊ ဆေးရုံဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကလေးမွေးချင်နေတဲ့အချိန်မှာရော မွေးပြီးတဲ့အချိန်မှာပါ စာမေးပွဲကို ချောချောမွေ့မွေ့ဖြေဆိုနိုင်ခဲ့တာပါ။ အာဂအမျိုးသမီး ဘရီရန်ရဲ့ စာမေးပွဲရလဒ်တွေကိုတော့ မသိရသေးပေမယ့် သူမကို အလုပ်တွေလာကမ်းလှမ်းထားကြတယ်လို့တော့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE