အများကြီးကျသင့်တဲ့ မီတာခကို နေစွမ်းအင်နဲ့အစားထိုးပြီး ငွေချွေတာနိုင်ခဲ့တဲ့ ဘုရားကျောင်း

twitter/ANI

လူသားတွေဟာ သဘာဝအရင်းအမြစ်တွေကို အားကိုးသုံးစွဲလာကြတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာတစ်လွှား အပူစွမ်းအင်ထုတ်လုပ်ပေးတဲ့ အရင်းအမြစ်တွေကိုလည်း နည်းလမ်းပေါင်းများစွာသုံးပြီး တည်ဆောက်ခဲ့ကြပါတယ်။ အရင်တုန်းကတော့ ဆီ၊ သစ်သားစတဲ့ ပစ္စည်းတွေနဲ့ပဲ ပတ်ဝန်းကျင်ကို အလင်းရအောင် စွမ်းဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ နေစွမ်းအင်ကိုအသုံးပြုပြီး မလိုလားအပ်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ချဖို့ ကြိုးစားလာကြပါပြီ။

ဒီလိုနေစွမ်းအင်ကို ပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့နေရာမှာ အသုံးချတဲ့ထဲ အိန္ဒိယနိုင်ငံ ဆူရတ်မြို့က ဘုရားကျောင်းတစ်ကျောင်းလည်း ပါဝင်တာကို storypick သတင်းမှာ တွေ့ရပါတယ်။ ဘာဒရီနာရာယန်အမည်ရတဲ့ ဘုရားကျောင်းဟာ ဘုရားကျောင်းရဲ့ အမြောက်အမြားကုန်ကျတဲ့ မီတာခတွေကို လျော့ချဖို့အတွက် ကီလိုဝပ်(၅၀) စွမ်းရည်ထုတ်လုပ်ပေးတဲ့ ဆိုလာပြားတွေကို တပ်ဆင်ထားပါတယ်။

ဘုရားကျောင်းက ကျောင်းအတွင်း လိုအပ်တဲ့ လျှပ်စစ်ဓာတ်ကို ဒီဆိုလာပြားတွေကနေတဆင့် ရယူဖို့ စိတ်ကူးထားပြီး ယခင်က မီတာခပေးရမယ့်နေရာမှာ ပိုလျှံလာတဲ့ငွေတွေကိုတော့ မြို့တွင်းမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။

READ
သမ္မတရဲ့ပုံကို မင်ရည်နဲ့ ပက်လိုက်ပြီးနောက် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့တဲ့မိန်းကလေး

ဘာဒရီနာရာယန်ဘုရားကျောင်းမှ ဘုရားလူကြီး ပရာဗီးန်ချန်ဒရာကတော့ ဘုရားကျောင်းရဲ့ မီတာခအတွက် အများကြီး ကုန်ကျမှာစိုးလို့ အခုလို ငွေချွေတာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် ဘုရားကျောင်းမီတာခဟာ တစ်လကို တစ်သိန်းခွဲ ၊ နှစ်သိန်းလောက်ကနေ တစ်သောင်းကျော်ထိ လျော့ကျသွားပြီလို့ သိရပါတယ်။

ဘုရားကျောင်းက လတိုင်းဒီပိုလျံနေတဲ့ ပိုက်ဆံတွေကို စုသွားပြီး သက္ကတဘာသာကျောင်းလေးတစ်ကျောင်း ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ဘုရားကျောင်းလူကြီးတွေဟာ ဆိုလာပြားတွေကို (၂၅) သိန်းနဲ့ ရင်းနှီးမြှုပ်နှံကာ တပ်ဆင်ခဲ့တာ ဖြစ်ပြီး ရေရှည်အကျိုးခံစားမှုရရှိအောင် ကြိုးစားခဲ့တာပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE