တစ်ရက်ကို (၉)နာရီထက် ပိုအိပ်သူများ လေဖြတ်နိုင်ခြေ (၈၅)%အထိပိုများ

Shutterstock

အိပ်စက်ခြင်းဆိုတာ သက်ရှိတွေတော်တော်များများအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမယ့် အများကြီး အိပ်တယ်ဆိုရင်လည်း မကောင်းပြန်ပါဘူး။ လိုတာထက် ပိုအိပ်တဲ့သူတွေဟာ ရုပ်ပိုင်းကော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေ တဖြည်းဖြည်းဆိုးရွားလာတာကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။

အခု တရုတ်နိုင်ငံက သုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အသစ်အရ နေ့ခင်းမှာ မိနစ်(၉၀)လောက်ထိ  တရေးတမောအိပ်သူတွေနဲ့၊ ညဘက်မှာ (၉)နာရီထက်ပိုပြီး အိပ်တဲ့သူတွေဟာ လေဖြတ်နိုင်ခြေ (၈၅)%အထိ လေဖြတ်နိုင်ခြေရှိကြောင်း သိရပါတယ်။

ပျမ်းမျှ အသက်(၆၂)နှစ်ရှိတဲ့ အမျိုးသားအမျိုးသမီး လူပုဂ္ဂိုလ်ပေါင်း (၃၁၇၅၀)ဦးကို သေချာလေ့လာပြီးမှ ဒီတွေ့ရှိမှုကို ရရှိခဲ့တာလို့ သိရပါတယ်။ တစ်ညကို (၉)နာရီအထက် အိပ်သူတွေဟာ (၇)နာရီကနေ (၈)နာရီအတွင်း အိပ်စက်သူတွေနဲ့ နှိုင်းစာရင် လေဖြတ်နိုင်ခြေ (၂၃)%ပိုများနေပါတယ်။

Shutterstock

ဒီလိုပဲ နေ့ခင်းပိုင်း မိနစ်(၉၀)လောက်အထိ အချိန်ကြာကြာ အိပ်ရင် လေဖြတ်နိုင်ခြေ (၂၃)% ပိုများပါတယ်။ ဒီနှိုင်းယှဉ်မှုကတော့ ခဏတာအိပ်စက်ချိန် မိနစ်(၃၀)အောက်လူတွေနဲ့ နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ တရုတ်သုတေသနပညာရှင်တွေဟာ ဒီလေ့မှုကို (၆)နှစ်လောက် အချိန်ပေးခဲ့ရပါတယ်။

သူတို့ဟာ လူတွေကို ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေနဲ့၊ တစ်ဦးချင်းရဲ့ Self-reported data တွေကို အခြေခံပြီး၊ ဒီထုတ်ပြန်ချက်ကို ပြုလုပ်ခဲ့တာပါ။ တကယ်လို့ သင်ဟာ ဒီအချက်အလက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် အမြန်ဆုံး အိပ်စက်တဲ့အကျင့်ကို ပြောင်းဖို့ လိုနေပါပြီ။

တကယ်လို့ ဒီအကျင့်ဆိုးနှစ်ခုစလုံး သင့်မှာ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ လေဖြတ်နိုင်ခြေ (၈၅)%ထိတောင် သေချာနေတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ထည့်သွင်းတွက်ချက်မှုတွေထဲမှာ တစ်ဦးချင်းစီတော့ တူညီမှာ မဟုတ်ပါဘူး။ အခြေခံ ထည့်သွင်းတွက်ချက်မှုတွေကတော့ ဆေးလိပ်သောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ မိသားစုထဲမှာ လေဖြတ်ခဲ့တဲ့ သမိုင်းကြောင်းရှိမရှိ၊ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန် စတာတွေဖြစ်ပါတယ်။

Shutterstock

သူတို့ စစ်တမ်းလုပ်နေတဲ့အတောအတွင်းမှာပဲ လူ (၃၀၀၀၀)ကျော်အနက်က လူပေါင်း (၁၅၅၇)ဦးက လေဖြတ်ထားသူတွေ ပါဝင်ခဲ့ပါတယ်။ ဒီမှာ တွေ့ရှိချက်ကတော့ အိပ်ရေးပျက်တယ်၊ အိပ်ရေးဝအောင် မအိပ်ရဘူးဆိုသူတွေကတော့ လေဖြတ်နိုင်ခြေ (၂၉)%အထိ ရှိနေလို့၊ အချုပ်ဆိုရရင် အိပ်ရေးပျက်တာလဲ မကောင်းသလို၊ အလွန်အမင်း အိပ်တာကလည်း မကောင်းဘူးဆိုတဲ့ သဘောပါ။

တရုတ်နိုင်ငံ၊  Wuhan မှာတည်ရှိတဲ့ Tongji Medical College မှ ပါမောက္ခ ဒေါက်တာ Xiaomin Zhang က သင့်တော်မျှတတဲ့ အိပ်စက်ခြင်းကို ထိန်းသိမ်းထားနိုင်သူတွေဟာ လေဖြတ်ခြင်းကို အဓိကကာကွယ်ထားနိုင်တဲ့ ဒေါက်တိုင်ကို ပိုင်ဆိုင်ထားသူတွေဖြစ်ကြောင်း၊ အိပ်စက်ခြင်းနဲ့ ပတ်သက်လို့ ဘယ်ဟာက သင့်တော်တယ်၊ ဘယ်လောက်အိပ်ရင် ဆိုးရွားတယ်ဆိုတာ သုတေသနပြုနေဆဲဖြစ်ပြီး၊ ဒီနည်းအားဖြင့် လေဖြတ်နိုင်ခြေကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဒေါက်တာ Zhang က ပြောခဲ့ပါတယ်။

လင်းသုတ

SHARE