ဇာတ်လမ်းကို ခိုးယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် Parasite ဇာတ်ကား တရားစွဲခံရဖို့ ရှိနေ

YouTube_TamilCinema/Imdb_Parasite

မကြာသေးခင်က အော်စကာဆု(၄)ဆုကို အံ့အားသင့်ဖွယ် သိမ်းပိုက်ခဲ့တဲ့ Parasite ဇာတ်ကားအနေနဲ့ ဆုတွေရရှိပြီးလို့ တစ်ပတ်လောက် အကြာမှာပဲ တရားစွဲမယ့်သူ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဇာတ်ကား ထုတ်လုပ်သူကို တမီးလ်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက တရားစွဲမှာဖြစ်ကြောင်း GulfNews သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူတို့ဇာတ်လမ်းကို ခိုးယူထားတာဆိုပြီး တမီးလ်ဘက်က စွပ်စွဲထားတာပါ။

တကယ်တော့ Liam Neeson သရုပ်ဆောင်ထားတဲ့ Taken ဇာတ်ကားနဲ့ Pixar ကနေ ရိုက်ကူးထုတ်လုပ်ထားတဲ့ Finding Nemo ဇာတ်ကားတွေကလည်း ဖခင်တစ်ယောက် သားပျောက်လိုက်ရှာတဲ့ ဇာတ်လမ်းကြောရိုးနဲ့ တစ်ချို့သော ပလော့တွေမှာ တူညီမှုတွေ ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့ ဖန်တီးမှုတွေနဲ့ ပရိသတ်ကို ပြသသွားခဲ့တာပါ။

 

တမီးလ်ရုပ်ရှင်ထုတ်လုပ်သူ PL Thenappan ကတော့ သူတို့ရဲ့ဇာတ်ကားတစ်ခုကို ခိုးချခဲ့တယ်ဆိုပြီး Parasite ဇာတ်ကားထုတ်လုပ်သူကို တရားစွဲဖို့ ပြင်ဆင်ပြီးပြီလို့ ပြောခဲ့ပါတယ်။ အဲဒီတမီးလ်ရုပ်ရှင်ထုတ်လုပ်ရေးက Minsara Kanna ဇာတ်ကားကို (၁၉၉၉)ခုနှစ် စက်တင်ဘာ (၉)ရက်က ရိုက်ကူးထုတ်လုပ်ဖူးတယ်လို့ ဆိုပါတယ်။

ထုတ်လုပ်သူ Thenappan က “ အခု နိုင်ငံတကာရှေ့နေတွေရဲ့ အကူအညီနဲ့ တရားစွဲဖို့ ပြင်နေပါပြီ … Parasite ဇာတ်ကားက ကျွန်တော့်ဇာတ်ကားဆီက ဇာတ်လမ်းဇာတ်ကွက်တွေကို ခိုးယူထားတာပါ … ”လို့ ပြောပါတယ်။ နောက်ပြီး Parasite ဇာတ်ကား ထုတ်လုပ်သူဆီကနေ ထိုက်တန်တဲ့ လျှော်ကြေးကိုလည်း မျှော်လင့်နေပါတယ်။

 

 

Parasite ဇာတ်ကားကိုတော့ Bong Joon-ho က ရိုက်ကူးခဲ့တာပါ။ အော်စကာဆုပေးပွဲသမိုင်းမှာတော့ ဆုရတဲ့ရုပ်ရှင်ထဲမှာ ပထမဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဖြစ်ခဲ့ပြီး၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွန်းဆု၊ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု စတာတွေကို သိမ်းပိုက်ခဲ့ပါတယ်။

တမီးလ်ရုပ်ရှင်ထုပ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ Minsara Kanna ဇာတ်ကားကလည်း သူတို့ခေတ်သူတို့အခါတုန်းက အတော်လေး ပေါက်မြောက်အောင်မြင်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ (၁.၉)သန်းအထိ ရရှိခဲ့တဲ့ဇာတ်ကား ဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Vijay နဲ့ မင်းသမီး Monica Castelino၊ မင်းသမီး Rambha နဲ့ မင်းသမီးကြီး Khushbu Sundar တို့က အားဖြည့်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

မင်းသား မင်းသား Vijay ရဲ့အမာခံပရိသတ်တွေကလည်း Parasite ဇာတ်ကားဟာ Minsara Kanna ဇာတ်ကားနဲ့ ပုံစံချင်းဆင်တူတယ်လို့ လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေ ရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ S. Ravikumar ကတော့ သူ့အနေနဲ့ ဒီကိစ္စကို ဘာမှပြောစရာမရှိကြောင်း၊ ထုတ်လုပ်ရေးကပဲ တာဝန်ယူ ဖြေရှင်းသွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Parasite ဇာတ်ကားကိုတော့ (၂၀၁၉)ခုနှစ် ဇွန်(၅)ရက်က ပြင်သစ်မှာစတင်ပြသခဲ့ပြီး၊ Box office အမေရိကန်ဒေါ်လာ (၁၆၅.၃)သန်းအထိ ရှိခဲ့ကြောင်း သိရပါတယ်။ Parasite ဇာတ်ကားနဲ့ Minsara Kanna ဇာတ်ကားတို့ရဲ့ အောင်မြင်မှုချင်းကလည်း အလွန်ကွားခြားခဲ့ပါတယ်။ တရားစွဲမယ့်ကိစ္စကို Parasite ဘက်ကတော့ ဘာမှမတုန့်ပြန်သေးပါဘူး။

လင်းဇော်ကို

SHARE