ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး မှင်ရောင်ပြောင်းလဲနိုင်တဲ့ တက်တူးများ

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးအခြေအနေကို အလွယ်တကူ သိရှိနိုင်တဲ့ နည်းလမ်းမျိုးစုံလည်း ပေါ်ပေါက်လာနေပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ ကိုယ့်ကျန်းမာရေးအခြေအနေတွေကို ချက်ခြင်း သိရှိနိုင်တဲ့ ဆေးတက်တူးမှင်တစ်မျိုး တီထွင်ခဲ့ပြီဖြစ်ကြောင်း Boredpanda သတင်းဌာနမှာ တွေ့ရှိရပါတယ်။

Image credits: Wiley-VCH

ဒီတက်တူးမှင်ကိုတော့ ဂျာမနီသိပ္ပံပညာရှင်တွေက တီထွင်ခဲ့ကြတာပါ။ တက်တူးမှင်ရောင်ဟာ အထိုးခံရသူရဲ့ ကျန်းမာရေးပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ၄င်းတက်တူးမှင်တွေကိုတော့ dermal sensors တွေလို့ ခေါ်ကြပြီး သာမန်ရိုးကျသုံးနေတဲ့ တက်တူးမှင်တွေနေရာမှာ ၄င်းတို့ကို အစားထိုးသုံးနိုင်မှာ ဖြစ်ပါတယ်။ ၄င်းမှင်တွေမှာ လူတစ်ယောက်ရဲ့ သွေး pH ၊ သကြားဓာတ်နဲ့ ဆိုဒီယမ်ပမာဏတွေပေါ် မူတည်ပြီး တက်တူးမှင်ရောင်ပြောင်းနိုင်တဲ့အတွက် ဆရာဝန်ဆီတောင် အမြဲတမ်း သွားစရာမလိုပဲ ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Image credits: Wiley-VCH

ဒီလိုမျိုးတက်တူးဟာ သွေးနမူနာတွေ မကြာခဏထုတ်ယူခံရသူတွေအတွက်တော့ အများကြီး အဆင်ပြေစေမှာပါ။ ဥပမာဆိုရရင် ဆီးချိုရှိတဲ့သူတွေ၊ ကျောက်ကပ်ဝေဒနာခံစားနေရသူတွေအတွက်တော့ အသုံးဝင်မှာ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူဆိုရင်လည်း လူနာရဲ့ သွေးအချိုဓာတ်ပမာဏပေါ်မူတည်ပြီး တက်တူးတွေဟာ အ၀ါရောင်ကနေ အစိမ်းရင့်ရောင်ကို ပြောင်းလဲပြသပေးနိုင်မှာ ဖြစ်ပါတယ်။

READ
အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် ဆီးချိုရောဂါ ပိုဖြစ်လွယ်ကြောင်း သိရ
Image credits: Geoff Livingston

အရေပြားပေါ်မှာ အလှအပအဖြစ်နဲ့ ရေးထိုးနိုင်တဲ့အပြင် မိမိကျန်းမာရေးအခြေအနေကိုလည်း ညွှန်ပြနိုင်တဲ့အတွက် အခုတက်တူးမှင်နဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတွေ မြင့်တက်လျက် ရှိနေပါတယ်။ လက်ရှိအချိန်ထိတော့ ၀က်အရေပြားပေါ်မှာသာ စမ်းသပ်ပြီးစီးခဲ့ပြီဖြစ်ပြီး မကြာခင်မှာတော့ တက်တူးပညာရှင်တွေအားလုံးဟာ အဆိုပါ ဆေးမှင်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြလိမ့်မယ်လို့ ယူဆရပါတယ်။ တကယ်လို့သာ ဒီဆေးမှင်သာ လူတွေအတွက် ဘေးအန္တရာယ်ကင်းတဲ့အပြင် ကိုယ့်ကျန်းမာရေးအခြေအနေကို ချက်ခြင်းအကဲဖြတ်နိုင်ခဲ့ရင်တော့ လူသားတွေအတွက် အရမ်းအကျိုးရှိတဲ့ ဆေးသိပ္ပံ တိုးတက်မှုကြီးတစ်ခု ဖြစ်လာတော့မှာ အမှန်ပဲ ဖြစ်ပါတော့တယ်။

Image credits: Dermal Abyss

လင်းလင်း (ShweMom)

SHARE