အချိုရည်ထဲ သကြားဓာတ်ပါဝင်မှုပမာဏပေါ်မူတည်ပြီး အခွန်တိုးကောက်မယ့် ထိုင်းနိုင်ငံ

Pexels/rawpixel.com

ထိုင်းနိုင်ငံ ယစ်မျိုးဌာနဟာ ယခုနှစ် အောက်တိုဘာ (၁) ရက်နေ့ကစပြီး အချိုရည်နဲ့ဖျော်ရည်ထုတ်ကုန်ပစ္စည်းတွေကို သကြားဓာတ်ပမာဏပါဝင်မှုနှုန်းထားပေါ်မူတည်ကာ အခွန်တွေကို နှစ်ဆတိုးမြှင့်ကောက်ခံသွားမယ်ဆိုတဲ့အကြောင်း asiaone သတင်းဌာနမှ သိရပါတယ်။ ယခင်က အချိုရည် (၁၀၀) မီလီလီတာမှာ သကြား (၁၀-၁၄) ဂရမ်ကို ဘတ်ပြားဝက်ပဲ ကောက်ခံခဲ့ပေမယ့် အခုဆိုရင်တော့ (၁) ဘတ်ကောက်ခံမယ်လို့ ဆိုပါတယ်။

ယစ်မျိုးဌာနမှ ပြောရေးဆိုခွင့်ရှိတဲ့ အရာရှိတစ်ဦးဖြစ်သူ နက်တာကွန်ကတော့ အချိုရည်နဲ့ဖျော်ရည်ထုတ်လုပ်သူ လုပ်ငန်းရှင်တွေဟာ ဖောက်သည်တွေလျော့ကုန်မှာစိုးတဲ့အတွက် သကြားတွေကို လျော့ထည့်ဖို့ မလုပ်ကြဘူးလို့ ပြောပြပါတယ်။ အဆိုပါ လုပ်ငန်းရှင်တွေဟာ ဥပမာ နာမည်ရပြီးသားအချိုရည်တံဆိပ် ဘူးတစ်ဘူးဆိုရင် ၄င်းထဲမှာ ပါဝင်တဲ့ သကြားဓာတ်ကို လျှော့မယ့်အစား မလျှော့တော့ပဲ အချိုလျှော့ထားတဲ့ ဖျော်ရည်ဆိုပြီး ကုန်ပစ္စည်းအသစ်တွေ ထပ်ထုတ်ကြကြောင်း နက်တာကွန်က ဆိုပါတယ်။

READ
မီဂန်မာကယ်ရဲ့ဖခင် တော်ဝင်မင်္ဂလာပွဲအတွက် သာမန်စက်ချုပ်ဆိုင်မှာ ဝတ်စုံပြင်ဆင်နေ
Pexels/Craig Adderley

ထိုင်းနိုင်ငံဟာ အချိုရည်နဲ့ဖျော်ရည်ကုမ္ပဏီအကောက်အခွန်တွေနဲ့ ပတ်သက်ပြီး နှစ်စဉ် ဘတ်(၂-၃) ဘီလီယံရရှိခဲ့ရာမှ အခုဆိုရင်တော့ (၃.၅ – ၄.၅) ဘီလီယံထိ အခွန်တွေ ကောက်ယူရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ အချိုရည်တွေနဲ့ ပတ်သက်ပြီး ကောက်ခံတဲ့ အကောက်ခွန်ပမာဏဟာ (၂) နှစ်တစ်ကြိမ် (၂) ဆလောက် တက်လေ့ရှိပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အခုလို အချိုရည်အခွန်အခတွေကို တိုးမြှင့်ကောက်ခံရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ထုတ်လုပ်သူတွေကို အဖျော်ယမကာတွေထဲ သကြားပမာဏ လျော့ထည့်စေချင်တာကြောင့် ဖြစ်ပါတယ်။ (၂၀၁၇) တုန်းကလည်း ဖျော်ရည်ထဲက သကြားဓာတ်ကိုကြည့်ပြီး အခွန်ကောက်မယ်လို့ ကြေညာခဲ့ပေမယ့် လုပ်ငန်းရှင်တစ်ဦးသာ လိုက်နာခဲ့ပြီး အခြားလုပ်ငန်းရှင်တွေကတော့ အချိုလျှော့ထားတဲ့ ဖျော်ရည်အသစ်တွေကိုသာ ထပ်မံထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Pexels/Breakingpic

နက်တာကွန်က လူအများစုဟာ သကြားနဲ့ဆက်နွယ်နေတဲ့ ရောဂါတွေကို ယနေ့တိုင် လျစ်လျူရှုထားဆဲဖြစ်ကြောင်း ဆိုပါတယ်။ အခုဆိုရင်တော့ အချိုရည်နဲ့အဖျော်ယမကာထုတ်လုပ်သူတွေဟာ သူတို့ရဲ့ထုတ်ကုန်ထဲပါရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ သကြားဓာတ်ပမာဏတွေကို အိတ်ခွံမှာ အသေးစိတ်ဖော်ပြရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

READ
ဥရောပက ကျောင်းသားတွေ လတ်တလော အကြီးအကျယ်ဆန္ဒပြနေကြတဲ့ အကြောင်းအရင်း

လင်းလင်း (ShweMom)

SHARE