အယ်လ်ဘမ် စထွက်တဲ့ (၂၄)နာရီအတွင်း အခွေ (၁.၃)သန်း ရောင်းချနိုင်ခဲ့တဲ့ တေလာဆွစ်ဖ်

Instagram/TaylorSwift

ကမ္ဘာကျော် လူငယ်ကြိုက်တေးသံရှင် တေလာဆွစ်ဖ် (Taylor Swift)ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ Folklore ဟာ အခုနှစ် ဇူလိုင် (၂၄)ရက်မှာ တရားဝင် ထွက်ရှိလာခဲ့ပါတယ်။ အဲဒီသီချင်းခွေ ထွက်ရှိလို့ (၂၄)နာရီအတွင်းမှာပဲ ကော်ပီချပ်ရေ (၁.၃)သန်းအထိ ရောင်းထွက်နိုင်ခဲ့တာကြောင့် ကြောက်ခမန်းလိလိ ရောင်းအားကြီးလို့ ဆိုရမှာပါ။

တေလာဆွစ်ဟာ ဇူလိုင်(၂၃)ရက်မှာ အယ်လ်ဘမ်အသစ်အတွက် တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ Republic Records ရဲ့ ထုတ်ပြန်ကြေညာချက်အရ တစ်ရက်တည်းမှာပင် ကော်ပီချပ်ရေ (၁.၃)သန်းအထိ ရောင်းချနိုင်ခဲ့တာကြောင့် စံချိန်သစ်တစ်ခုဖြစ်ကြောင်း ဆိုပါတယ်။

Spotify ရဲ့ မှတ်တမ်းမှာလည်း အမျိုးသမီးအဆိုရှင်တစ်ယောက်ရဲ့ First day album stream မှာ ကြည့်ရှုသူ (၈၀.၆)သန်းအထိ ရှိခဲ့တာကြောင့် မှတ်တမ်းသစ်တစ်ခု ရေးထိုးလိုက်နိုင်ခြင်းလည်း ဖြစ်ကြောင်း သိရပါတယ်။ တေလာဆွစ်ဖ်ဟာ အသက်(၃၀)နှစ်သာရှိသေးတဲ့ အမေရိကန် အဆိုရှင်တစ်ဦးပါ။

နောက်ထပ် စံချိန်မှတ်တမ်းတစ်ခုကတော့ Folklore ဟာ Apple Music မှာ (၂၄)နာရီအတွင်း ထုတ်လွှင့်မှုအများဆုံး သီချင်းအယ်လ်ဘမ်ဖြစ်လာခဲ့ပြီး၊ ကြည့်ရှုသူ (၃၅)သန်းအထိ ရှိခဲ့ကြောင်း သိရပါတယ်။ ဒါတင်မကသေးဘဲ Amazon Musice မှာ indie/alternate album တစ်ခုအဖို့ အမေရိကန်တွင်သာမက ကမ္ဘာမှာပါ မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့တာလို့ သိရပါတယ်။

Lockdown အခြေအနေတွေကြောင့် Glastonbury မှာ မပါဝင်နိုင်ခဲ့တဲ့ တေလာဆွစ်ဖ်အနေနဲ့ သူမရဲ့ Lockdown အတွေ့အကြုံက ကမ္ဘာကို ကိုင်လှုပ်နိုင်တဲ့အနေအထားတစ်ခုအထိ ဖန်တီးမှုအားကောင်းခဲ့တယ်ဆိုတာ လက်ရှိ မှတ်တမ်းမှတ်ရာတွေက သက်သေပြခဲ့ကြပါတယ်။

Shake It Off သီချင်းနဲ့ လူငယ်ထုရဲ့အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ တေလာဆွစ်ဖ်က သူမရဲ့အယ်လ်ဘမ်ကို ဒီလိုအချိန်ကြီးမှာ စတင်ရောင်းချဖို့ကြိုးစားရခြင်းကိုလည်း ရှင်းပြခဲ့ပါသေးတယ်။ သူမရဲ့အဆိုအရတော့ ဒီနှစ်မတိုင်ခင်က ဒီအယ်လ်ဘမ်ကို ဘယ်အချိန်မှာ ဖြန့်ချိရမလဲဆိုတဲ့အတွေးနဲ့ ပူပင်ခဲ့ရကြောင်း၊ ဒါပေမယ့် ဘာကမှ လက်ရှိအခြေအနေကို အာမခံချက်မပေးနိုင်ဘူးဆိုတာကိုလည်း သူမစိတ်ထဲက သိရှိနေပြီး၊ သူမရဲ့ပင်ကိုယ်ရဲစွမ်းသတ္တိက ဒီလိုလုပ်ဖို့ မဆိုင်းမတွ မောင်းနှင်နေခဲ့တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တေလာဆွစ်ဖ်ကတော့ အယ်လ်ဘမ်တိုင်းမှာ ပေါက်ပြီးရင်းပေါက်နေလို့ သူမအတွက် ဂုဏ်ယူရပါတယ်။

လင်းသူရိန်

SHARE