မိခင်မဲ့ဖြစ်သွားတဲ့ ဒေါင်းဝေဒနာရှင် ကျောင်းသားလေးကို မွေးစားခဲ့တဲ့ဆရာမ

Twitter /MSN

Down ဝေဒနာရှင် ကျောင်းသားလေးတစ်ယောက်ကို သူရဲ့ဆရာမက ကိတ္တိမသားအဖြစ် မွေးစားခဲ့ပါတယ်။ ကလေးရဲ့မိခင်ဟာ ကင်ဆာနဲ့ သေဆုံးသွားပြီဖြစ်လို့ ဆရာမက မိခင်မဲ့ဖြစ်သွားတဲ့သူ့ကို စောင့်ရှောက်ဖို့ တာဝန်ယူခဲ့တာပါ။ ဆရာမရဲ့အမည်ကတော့ Kerry Bremmer ဖြစ်ပြီး ကျောင်းသားရဲ့အမည်ကတော့ Jake Mannign ပါ။

Jake ရဲ့မိခင် Jean ဟာ တစ်ခုလပ်မိခင်အဖြစ်နဲ့ Jake ကို စောင့်ရှောက်ထိန်းသိမ်းခဲ့တာဖြစ်ပြီး၊ သူမကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရင်သားကင်ဆာနောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိတော့ဘဲ ကွယ်လွန်သွားခဲ့ပါတယ်။ 

ဆရာမ Kerry ဟာ အမေရိကန်၊ မက်ဆာချူးဆက်ပြည်နယ်၊ Ayer မှာ နေထိုင်သူဖြစ်ပြီး၊ တပည့်ဖြစ်တဲ့ Jake နဲ့ ပြီးခဲ့တဲ့ (၄)နှစ်ကတည်းက နီးစပ်တဲ့ ဆက်ဆံရေးနဲ့ သံယောဇဉ်တွယ်ခဲ့သူ ဖြစ်ပါတယ်။ သူမက သေဆုံးသွားတဲ့ Jean ကို ရည်ရွယ်ပြီး “ မနှစ်ကပဲ သူမ နေကောင်းဖြစ်တာက ပိုဆိုးလာတယ် … ကျွန်မ တွေးမိတာက သားအတွက် သူမ ဘာတွေ လုပ်ပေးခဲ့လေမလဲပေါ့ ”ဆိုပြီး ပြောပါတယ်။

နောက်တော့ Kerry ဟာ ခင်ပွန်းဖြစ်သူ Dave နဲ့ Jake ရဲ့အရေး ဆွေးနွေးတိုင်ပင်ခဲ့ကြရာ၊ ခင်ပွန်းကလည်း သဘောတူညီခဲ့ပါတယ်။ Kerry က Jean နဲ့ လူချင်းတွေ့ပြီး “ တကယ်လို့များ ရှင့်ရဲ့သားလေးအတွက် နောင်ရေးစိတ်အေးချင်တယ်ဆိုရင် … သူ့ကို ကျွန်မတို့ မိသားစုဝင်အဖြစ် ဝမ်းမြောက်ဝမ်းသာ မှတ်ယူချင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

Jean ဟာ တကယ်တော့ သူမရဲ့ရောဂါဆိုးကြောင့် မလည်မဝယ်သားလေး လူ့လောကမှာ မျက်နှာငယ်နဲ့ ကျန်ရစ်ခဲ့မှာကို အလွန်ပူပန်နေသူပါ။ Kerry ရဲ့စကားကြောင့် သူမက “ ကျွန်မ အသက်ရှင်သန်ခဲ့သမျှ ကာလပတ်လုံး ဒီညတော့ အိပ်ပျော်ပါပြီ ”လို့ ဝမ်းမြောက်စို့နင့်စွာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

Kerry နဲ့ Dave တို့မှာ Kaitlyn, Kristen နဲ့ Jonathan အမည်ရ ကလေး(၃)ဦးရှိထားပြီးဖြစ်ပေမယ့်၊ သူတို့ မိသားစုဟာ မိခင်မဲ့သွားတဲ့ Jake ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ Jean ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Chemotherapy treatment ကုထုံးခံယူအပြီးမှာ မနိုးသောအိပ်စက်ခြင်းနဲ့ ထာဝရအိပ်ပျော်သွားခဲ့ပါတယ်။

Jake ကို ကူညီစောင့်ရှောက်ဖို့အတွက် GoFundMe မှာ ရံပုံငွေဖွင့်လှစ်ခဲ့ရာ၊ ရည်မှန်းထားတဲ့ ဒေါ်လာ(၅)သောင်းအနက်၊ အလှူငွေ (၄၇၂၀၈)ဒေါ်လာအထိ ရရှိထားပြီဖြစ်ပါတယ်။ ဒီရံပုံငွေနဲ့ပဲ Jake ရဲ့ အထွေထွေအသုံးစရိတ်၊ ကျောင်းစရိတ်နဲ့ တစ်ခြားလိုရမယ်ရတွေ ဝယ်ယူဖို့အတွက် Kerry က စီမံခန့်ခွဲမှာပါ။

လင်းဇော်ကို

SHARE