အူအတက်ရောင်တယ်ထင်ပြီး ဆေးရုံပြေးခဲ့ရာမှ မထင်မှတ်ဘဲ ကလေးမွေးခဲ့ရတဲ့ ကောင်မလေး

Facebook/Courtney Evans

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ ကိုယ်ဝန်အရင့်အမာ လွယ်ထားရတာကို မသိဘဲ၊ ဒီကြားထဲမှာ ဗိုက်နာတာကို အူအတက်ရောင်တယ်လို့ထင်ပြီး ဆေးရုံပြေးခဲ့ရပါတယ်၊ သူမဟာ ချစ်သူအမျိုးသားနဲ့အတူ လွန်ကျူးတာတွေ ရှိသော်လည်း တားဆေးကို ယုံကြည်စွာ အသုံးပြုခဲ့ပါတယ်။

ဒါကြောင့်လည်း တားဆေးကြောင့် သူမ ကိုယ်ဝန်မရနိုင်ဘူး ထင်နေခဲ့တာပါ။ သူမရဲ့အမည်ကတော့ Courtney Evans ဖြစ်ပြီး (ထိုစဉ်က) အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ သူမရဲ့ချစ်သူကတော့ Bryn Tallett ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဗိုက်ထဲမှာကလေးရှိနေကြောင်းကို သိသာစေမယ့် ဗိုက်သိသိသာသာ ကြီးလာတာမျိုးလည်း မရှိပါဘူးတဲ့။

Facebook/ourtney Evans

ဆေးရုံကို အမောတကော ရောက်သွားတော့ ဒေါက်တာတွေက ခွဲမွေးမှရမယ်-ဆိုပြီး ပြောလိုက်တဲ့စကားကြောင့် သူမ အတော်လေး အံ့အားသင့်သွားပါတယ်။ ဒေါက်တာတွေက သူမဟာ ကိုယ်ဝန်(၃၄)ပတ်သားအရွယ်ကို လွယ်ထားရပြီလို့ ပြောခဲ့တာပါ။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာက ချစ်စဖွယ်ကလေးတစ်ယောက်ကို (၂၀၁၄)ခုနှစ် စက်တင်ဘာ (၂၄)မှာ  မွေးဖွားလိုက်တာပဲ ဖြစ်ပါတယ်။

ကလေးကိုတော့ ဆေးဘက်ဆိုင်ရာ အခေါ်အရ ‘en caul’ လို့ခေါ်တဲ့ အနေအထားနဲ့ မွေးခဲ့တာပါ။ အတော်ရှားပါးတဲ့ အခြေအနေဖြစ်ပြီး၊ မွေးလာတဲ့ကလေးဟာ Amniotic sac ထဲမှာရှိနေဆဲဖြစ်ပြီး။ ဗိုက်ထဲမှာရှိနေတဲ့ မူလပုံစံအတိုင်း လူ့လောကကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမွေးဖွားမှုမျိုးကတော့ အတော်လေး ရှားပါးတယ်လို့ သိရပါတယ်။

Facebook/Courtney Evans

သားလေးနာမည်ကိုတော့ Leo Tallett လို့ ပေးထားပါတယ်။ ကလေးဟာ ကိုယ်အလေးချိန် (၄)ပေါင်(၄)အောင်စသာ ရှိခြင်းကြောင့် နည်းနည်း ချူခြာပါတယ်။ ရှော့ခ်ခဏခဏဖြစ်လို့ ဆေးရုံမှာ (၄)ရက်ကြာ ပြုစုကုသမှု ခံယူခဲ့ရပါတယ်။ အခုတော့ Courtney ဟာ အသက်(၂၀)ဖြစ်နေပါပြီ။ သူမဟာ ဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေတာကို ဘယ်လိုမှ မခံစားခဲ့ရဘူးလို့ ပြောပါတယ်။

Courtney ဟာ တစ်ခြားအမျိုးသမီးတွေလို Morning Sick လည်း မဖြစ်သလို၊ ဗိုက်ကလည်း ပူမလာခဲ့ပါဘူး။ နောက်ပြီး ရာသီတွေ ပျက်ကွက်ပေမယ့် ဒါဟာ သူမ သောက်နေတဲ့တားဆေးတွေရဲ့ သဘောသဘာဝကြောင့်လို့ ထင်ခဲ့တာပါတဲ့။ အခုဆို Leo က (၃)နှစ်တောင် ရှိနေပါပြီ။ Courtney ကလည်း ဝါရင့်မိခင်တစ်ယောက် ဖြစ်နေပါပြီ။

Facebook/Courtney Evans

Courtney တို့ မိသားစုဟာ နော့သမ်တန်ရှိုင်းယားပြည်နယ်၊ ဒေ့ဗ်ဗန်ထရီမှာ နေထိုင်ကြပါတယ်။ Courtney က တားဆေးဆိုတဲ့အရာတွေဟာ (၁၀၀)%အထိ စိတ်ချယုံကြည်ရတာမျိုး မရှိဘူးလို့ ပြောပါတယ်။ သူမအနေနဲ့ Leo ကို စိတ်ပျော်စရာ အကောင်းဆုံးလက်ဆောင်လို့ စိတ်က သတ်မှတ်ပေမယ့်၊ ထင်မှတ်မထားချိန်မှာ ကလေးရခဲ့တာမို့ ခက်ခဲပင်ပန်းခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး သူမအနေနဲ့ နောက်ထပ်ကလေးတစ်ယောက် စောစောလျှင်လျှင် မမွေးချင်သေးဘူးလို့ ပြောပါတယ်။ Courtney က “ တားဆေးဆိုတာတွေက အလုပ် ကောင်းကောင်းလုပ်မလုပ်ဆိုတဲ့အချက်ကို ကျွန်မ တော်တော်လေး စိုးရိမ်နေပါတယ် … ကျွန်မ ဒီထက်ပိုသေချာတဲ့နည်းကို လိုချင်ပါတယ် … နောက် ဒီလိုအခိုက်အတန့်မျိုးမှာ နောက်ထပ်ကလေးယူဖို့ အဆင်သင့် မဖြစ်သေးပါဘူး ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE