E စီးကရက်တစ်နှစ်သောက်ပြီး အသက်(၇၀)အရွယ် အဆုတ်ပုံစံဖြစ်သွားလို့ ကုမ္ပဏီကိုတရားစွဲသူ

Twitter "Mirror"

အသက်(၁၈)နှစ်သာရှိသေးတဲ့ Adam Hergenreder အမည်ရ လူငယ်လေးဟာ E စီးကရက်သောက်တဲ့ သက်တမ်း တစ်နှစ်လောက်အတွင်းမှာ အဆုတ်က ဆိုးဆိုးရွားရွား ပျက်စီးခဲ့တာကြောင့် ထုတ်လုပ်တဲ့ ကုမ္ပဏီကိုတရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ Adam တရားစွဲတဲ့ ကုမ္ပဏီကတော့ Juul ဖြစ်ပြီး၊ E စီးကရက် ထုတ်လုပ်မှုကနေ နာမည်ကြီးလာတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

Adam က အဲဒီကုမ္ပဏီဟာ လူငယ်တွေ E စီးကရက်သောက်ရေးကို အတင်းကာရော စွဲဆောင်ခဲ့ပြီး၊ သူ့အနေနဲ့လည်း တစ်ခြားလူငယ်တွေလို E စီးကရက်က ဆေးလိပ်လို ကျန်းမာရေးမဆိုးရွားနိုင်ဘူးလို့ အထင်ရှိခဲ့တာပါ။ ဒါပေမယ့် အသုံးပြုတဲ့သက်တမ်း တစ်နှစ်ကျော်အတွင်းမှာ သူဟာ ရောဂါဆိုးဆိုးရွားရွား ခံခဲ့ရပါတယ်။

 

အသက်ရှူမရတဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေ ရှိခဲ့ပါတယ်။ အရေးပေါ်ဆေးရုံတက်ရတဲ့အခါ ဒေါက်တာက Adam ရဲ့အဆုတ်ဟာ အသက်(၇၀)အရွယ် လူတစ်ယောက်ရဲ့ အဆုတ်ပုံစံမျိုးဖြစ်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါသတဲ့။

Adam က “ အခု ဒီအကြောင်းကို ပြန်တွေးရတာ ကြောက်နေပါပြီ … ဒီ သေးငယ်တဲ့ အရာလေးက ကျွန်တော့်အဆုတ်ကို အခု ထိခိုက်မှုတွေ ပေးနေပါပြီ … ”လို့ ပြောပါတယ်။ Adam ဟာ US Centers for Disease Control and Prevention ကနေ ထုတ်ပြန်တဲ့၊ E စီးကရက်ကြောင့် ဆေးရုံတက်ခဲ့ရတဲ့ လူပေါင်း (၄၅၀)မှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

အမေရိကန်ရဲ့ (၃၃)ပြည်နယ်မှာ ဒီလို E စီးကရက်ကြောင့် ကျန်းမာရေးဆိုးရွားလို့ ဆေးရုံတက်ခဲ့ရတဲ့ ထူးခြားဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာပြီးနောက်၊ အမေရိကန်သမ္မတထရမ့်ကတောင် E-စီးကရက်ကို ပိတ်ပင်မှုတွေပြုလုပ်ဖို့ စဉ်းစားနေပြီလို့ သတင်းအစအနတွေ ထွက်လာခဲ့ပါတယ်။

Juul ကတော့ သူတို့ဟာ လူငယ်တွေကို ပစ်မှတ်ထား ကြော်ငြာခဲ့တာမျိုး လုံးဝမရှိခဲ့ကြောင်း၊ ပြီးခဲ့တဲ့ သောကြာနေ့က သတင်းထုတ်ပြန်ခဲ့ပြီး၊ သူတို့ထုတ်လုပ်တဲ့ E စီးကရက်ဟာ ဆေးလိပ်သောက်သက်ရင့်နေသူတွေ ဆေးလိပ်ဖြတ်ဖို့အတွက် အထောက်အကူပြုဖို့ ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ သူတို့ကို တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

လင်းသုတ

SHARE