ဗူစီဗောင်းများကို သတိထားသင့်နေပြီ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဌာနက သတိပေး

Shutterstock/Mamba100

ထိုင်းနိုင်ငံ ကျန်းမာရေးဌာနက အကြီးအကဲတစ်ယောက်က ဗူစီဗောင်းတွေကို သတိထားသင့်နေပြီဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာ (၅)ရက်နေ့က Kanchanaburi မှာ ဖြစ်ခဲ့တဲ့ ဗူစီဗောင်းပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ အခုလို အသက်သေဆုံးနိုင်ချေရှိတဲ့ ဗူစီဗောင်းတွေကို သတိထားသင့်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်တယ်လို့ StraitTimes သတင်းစာက ဖော်ပြခဲ့ပါတယ်။

သူ့အနေနဲ့ ဗူစီဗောင်းပေါက်ကွဲမှုအမှုတွေကို မကြာခဏ ကြားရလေ့ရှိတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။

“ဗူစီဗောင်းပေါက်ကွဲမှုတွေဖြစ်တယ်လို့ သတင်းပို့မှုတွေ မကြာခဏ ဖြစ်ပါတယ်။ ဗူစီဗောင်းထဲမှာပါတဲ့ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့က မီးလောင်လွယ်တယ်။ အပူလွန်ကဲလို့ပဲဖြစ်ဖြစ် ဗူစီဗောင်းတွေပေါက်ကွဲလာရင် အန္တရာယ်များပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ Panpimol Wipulakorn က ပြောဆိုခဲ့တာပါ။

“ပြီးတော့၊ တကယ်လို့ ဗူစီဗောင်းတွေကို အတူတူစုပြီးထားမယ်ဆိုရင် တစ်လုံးပေါက်တာနဲ့ နောက်တစ်လုံးတွေဆီကို ချက်ချင်းကူးစက်နိုင်မှာပဲ။ အနီးနားမှာရှိတဲ့ လူတွေကို ထိခိုက်စေနိုင်တဲ့အပြင် အသက်သေဆုံးမှုတွေတောင်ဖြစ်လာနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

Facebook/DrPanpimolWipulakorn

ဒေါက်တာPanpimol Wipulakornကပဲ ဗူစီဗောင်းတွေထဲမှာ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ထည့်ပြီး သုံးမယ့် မီးမလောင်နိုင်မယ့် ဟီလီယံဓာတ်ငွေ့ကိုပဲ ထည့်သုံးဖို့ အကြံပြုထားပါတယ်။

“ပါတီပွဲတွေ၊ မွေးနေ့ပွဲတွေမှာ ဗူစီဗောင်းနဲ့ အလှဆင်မယ့်သူတွေအတွက်တော့ မီးမလောင်နိုင်မယ့် ဟီလီယံဓာတ်ငွေ့ကိုပဲထည့်သုံးသင့်ပါတယ်”လို့ ပြောဆိုထားပါတယ်။

တကယ်လို့ လူတွေအနေနဲ့ ဗူစီဗောင်းတွေထဲမှာ ဘယ်ဓာတ်ငွေ့ထည့်ထားသလဲဆိုတာ မသိဘူးဆိုရင် ဗူစီဗောင်းတွေအနားမှာ မနေတာက အန္တရာယ်ပိုကင်းတယ်လို့ဆိုပါတယ်။

Pixabay/Pexels

ဒါ့အပြင် ပါတီပွဲတွေမှာ ဗူစီဗောင်းဓာတ်ငွေ့သယ်ဆောင်လာမယ့် ဗူးတွေကို သေသေချာချာ အဖုံးဖုံးထားပြီး စနစ်တကျထားသင့်ကြောင်း၊ သယ်မယ်ဆိုရင်လည်း တွန်းလှည်းတစ်ခုခုနဲ့ သယ်ဆောင်သင့်ကြောင်း၊ အခု သယ်ဆောင်နေတာက ဒယဥ့်တိုက်ပြီး ဓာတ်ငွေ့ဗူးတွေကို သယ်ဆောင်နေတာ အန္တရာယ်များလှကြောင်း၊ မီးဘေးအန္တရာယ်တွေလည်း ဖြစ်စေနိုင်ကြောင်းကိုပါ သတိပေးထားခဲ့တာပါ။

“ပျော်ပွဲရွှင်ပွဲတွေမှာ ဗူစီဗောင်းတွေကိုအလှဆင်တဲ့ နေရာမှာ ကလေးငယ်တွေနဲ့ ဝေးဝေးမှာ ချိတ်ထားသင့်ပါတယ်။ ပြီးတော့ ဗူစီဗောင်းတွေကို ကလေးငယ်တွေရဲ့ ပါးစပ်ထဲ မရောက်အောင်လည်း တားဆီးသင့်ပါတယ်၊ ပြီးတော့ ကလေးငယ်တွေအနေနဲ့လည်း ဗူစီဗောင်းတွေနဲ့ သူတို့မျက်နှာရှေ့မှာထားပြီး မဆော့သင့်တာပါ။ ဘာကြောင့်လဲဆိုတော့ ဗူစီဗောင်းတွေ ပေါက်ကွဲလာရင် သူတို့ရဲ မျက်နှာနဲ့ မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်”လို့ သူက ဆိုပါတယ်။

Ye Yint Kyaw

SHARE