အွန်လိုင်းငွေချေကတ်ကိုရေစိမ်သောက်ပြီး ရောဂါတွေပျောက်နေကြတဲ့ရွာသားတွေ

ထိုင်းနိုင်ငံ၊ မြောက်ဖက်စွန်းပိုင်းမှာရှိတဲ့ ကွန်ကွမ်ခရိုင်ရဲ့ လူထုကျန်းမာရေးမှူး ပီရာ အာရာရတ် တစ်ယောက်ကတော့ ဒီရက်ပိုင်းဖြစ်ပေါ်နေတဲ့ သတင်းတစ်ခုကြောင့် စိတ်ညစ်နေရပါတယ်။ လူဦးရေ (၇၀၀၀) နီးပါးသာရှိတဲ့ ကွန်ကွမ်ခရိုင်ထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်နေပြီး အဲဒါကလည်း ကျန်းမာရေးယုံကြည်မှုနဲ့ဆိုင်တာမို့ တာဝန်ရှိသူတွေက လူထုကျန်းမာရေးဌာန ကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးလိုက်တာကြောင့်ပါ။

တစ်ရက်လောက် အချိန်ယူပြီး စုံစမ်းလိုက်ပြီးတဲ့အခါမှာတော့ ပီရာ တစ်ယောက် အခြေအနေကို သိသွားပါတောာ့တယ်။ ဒီခရိုင်ထဲက ကျေးရွာတွေမှာ နေထိုင်သူတွေဟာ ပလစ်စတစ်နဲ့လုပ်ထားတဲ့ ကတ် တစ်ကတ် ကို ရောဂါတွေပျောက်ကင်းဖို့ အသုံးချနေတာဖြစ်ပြီး အဲဒီကတ်ဟာ သူတို့ရဲ့နာကျင်မှုတွေကို လျော့ပါးသွားအောင်လုပ်နိုင်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြတာပါ။

The Nation/ Facebook

တကယ်တော့ ဒီကတ်ဟာ ငွေပေးချေမှုအလွယ်တကူ ပြုလုပ်နိုင်အောင် ထုတ်လုပ်ထားတဲ့ အွန်လိုင်းငွေချေကတ် တစ်ကတ်ပါပဲ။ ကတ်အပေါ်မှာ ဂျာမနီနည်းပညာနဲ့ လုပ်ထားတယ်လို့ ရေးထားတာကလွဲရင် ဒါက ရိုးရိုးငွေပေးချေတဲ့ကတ်ပါ။ အဲဒီကတ်ကို အင်ဒိုနီးရှားနိုင်ငံတွင်းမှာပဲ သုံးနိုင်တဲ့ကတ်ဖြစ်ပြီး ဘတ်စ်ကားစီးတဲ့နေရာမှာ၊ ဒါမှမဟုတ် ဈေးဝယ်တဲ့နေရာမှာ သုံးနိုင်တယ်။

ဒါပေမယ့် ကွန်ကွမ်ခရိုင်ထဲက ကျေးရွာနေပြည်သူတွေကတော့ သူတို့ရဲ့နာကျင်မှုဝေဒနာတွေကို ဒီကတ်က ပျောက်ကင်းအောင်လုပ်နိုင်တယ်လို့ ယုံကြည်နေကြတယ်။ ဒီကတ်ကိုရေစိမ်ထားပြီး အဲဒီရေနဲ့ ဝေဒနာခံစားရတဲ့နေရာတွေကို လိမ်းပေးရင် ရောဂါသက်သာတယ်လို့ လက်ခံထားကြတယ်။ နေမကောင်းတဲ့သူတွေဆိုရင် အဲဒီကတ် စိမ်ထားတဲ့ရေကိုသောက်လိုက်တာနဲ့ နာရီအနည်းငယ်အတွင်း အဖျားပျောက်သွားတယ်လို့တောင် တဆင့်စကားတစ်ဆင့်နားနဲ့ ကြားနေခဲ့ရတာပါ။

READ
Datingဝက်ဘ်ဆိုဒ်ပေါ်က အဖိုးကြီးတွေနဲ့ပဲ ချိန်းတွေ့ဖြစ်တယ်ဆိုတဲ့ ၂၄နှစ်အရွယ်အမျိုးသမီး
Tawee Peer-in/Facebook

နောက်ဆုံးမှာတော့ ပီရာနဲ့ အဖွဲ့ဟာ ကျေးရွာတွေဆီလိုက်ပြီး ဒီကတ်ဟာ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ဘာမှမရှိကြောင်းနဲ့ ရိုးရိုးငွေပေးချေတဲ့ကတ်တစ်ခုသာ ဖြစ်ကြောင်း လိုက်လံပြီး အသိပညာပေးကြရပါတော့တယ်။

ကတ်ရဲ့တန်ဖိုးက အင်ဒိုနီးရှားနိုင်ငံတွင်းမှာ ရူပီး (၃၅၀၀၀၀)/ဘတ် (၇၇၀)သာ ရှိပေမယ့် ဒီခရိုင်အတွင်းက  ဈေးကွက်မှာတော့ ဘတ်(၁၁၀၀)ကနေ (၁၅၀၀)အတွင်း ပေါက်ဈေးရှိပါတယ်။ ဒီကတ်မှာ မမြင်နိုင်တဲ့စွမ်းအားတွေ ရှိနေတယ်လို့ အားလုံးက လက်ခံထားကြတယ်။ တာဝန်ရှိသူတွေကတော့ ဒီကတ်ဟာ ထိုင်းနိုင်ငံရဲ့ရွာတွေဆီ ဘယ်လိုရောက်လာမှန်း သိတောင်မသိကြဘူး။

ဒီကတ်ကို အမြဲလိုလို သုံးစွဲနေကြဖြစ်တဲ့ အသက် (၆၆)နှစ်အရွယ် အမျိုးသမီးကြီး သောင်ဆရီ ဟာ နောက်ကျောအောင့်တဲ့ဝေဒနာကို ခံစားနေရသူဖြစ်ပြီး ဆေးရုံကနေ ပြန်ဆင်းလာတာ မကြာသေးတဲ့သူပါ။ ဆေးရုံက ကုပေးတဲ့ နည်းစနစ်တွေက သူမရဲ့ဝေဒနာကို ပျောက်အောင် မကုနိုင်ဘူးဆိုတာ သိပြီးတဲ့နောက် စိတ်ပျက်လက်ပျက်ပဲ ဆေးရုံကနေ ပြန်ဆင်းလာခဲ့တယ်။ အဲဒီနောက်တော့ ဒီကတ်အကြောင်း ကြားမိခဲ့ပြီး ကတ်ကိုရေစိမ်လိမ်းရာကနေ သူမရဲ့နောက်ကျောဝေဒနာဟာ အံ့သြစရာကောင်းလောက်အောင် ပျောက်ကင်းသွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက စလို့ သူမရဲ့ကျေးရွာသူ၊ကျေးရွာသားတွေအပြင် ရွာနီးချုပ်စပ်က သူတွေလည်း ဒီကတ်ကို ဆေးအဖြစ် သုံးစွဲကြတော့တာပါပဲ။

READ
အရေပြားရောဂါခံစားနေရတဲ့ မိန်းကလေး မိတ်ကပ်မပါတဲ့ သူမရဲ့ မျက်နှာကို ရဲရဲဝံ့ဝံ့ချပြခဲ့
ThaiResidents.com

ဒီအဖြစ်အပျက်လေးက ထိုင်းနိုင်ငံတွင်းသတင်းစာတွေမှာ နာမည်ကြီးခဲ့ပြီး ကတ်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီကိုယ်တိုင်ကတောင် အံ့သြနေရတဲ့အထိ ဖြစ်လာခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အွန်လိုင်းငွေပေးချေရေးကုမ္ပဏီဟာ သူတို့ရဲ့နိုင်ငံတွင်းမှာလည်း အလားတူပြဿနာတွေနဲ့ရင်ဆိုင်နေခဲ့ရပြီး နိုင်ငံအတွင်းက ကျေးရွာတွေမှာ သူတို့ရဲ့ကတ်ကို ကျန်းမာရေးအတွက် အသုံးပြုနေကြတယ်လို့ ပိုလို့ သိလာခဲ့ရတယ်။

အင်ဒိုနီးရှားနိုင်ငံတွင်းက သတင်းစာတစ်စောင်မှာတော့ Kartu Sakti အွန်လိုင်းငွေပေးချေမှု ကုမ္ပဏီရဲ့ တာဝန်ရှိသူ ကိုယ်တိုင်က သူတို့ရဲ့ကတ်ဟာ သာမန်ငွေပေးချေတဲ့ ကတ်တစ်ခုသာ ဖြစ်ပြီး သူများထက်ထူးခြားတဲ့ ဘာနည်းပညာမျိုးမှ မပါဘူးလို့ ၀န်ခံလိုက်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

posttoday.com

Linn

Source : posttoday.com, thestar.com, nationmultimedia.com

SHARE