တောင်ပေါ်မှာလမ်းပျောက်သွားတဲ့ ပေါင်(၂၀၀)ခွေးကြီးကို ကယ်ခဲ့တဲ့အဖွဲ့

Twitter / Metro

လောကကြီးမှာ လူတွေရဲ့စိတ်ခံယူချက်၊ အပြုအမူတွေဟာ တစ်ဦးနဲ့တစ်ဦးမတူညီကြပေမယ့်လို့ စာနာစိတ်အပြည့်ရှိသူတွေလည်း များစွာရှိပါတယ်။ အခုလူအချင်းချင်းမဆိုထားနဲ့ခွေးတစ်ကောင်ကိုတောင် အလေးထားကယ်ဆယ်ပေးတဲ့  ကယ်ဆယ်ရေးသမားတွေရဲ့ စိတ်ဓာတ်လေးတွေဟာလေးစားစရာလည်းကောင်းသလို၊ လူထုမေတ္တာကို အပြည့်အ၀ရရှိနေပါတယ်။

အမေရိကန်နိုင်ငံက Utah ပြည်နယ်မှာ  အသက်သုံးနှစ်အရွယ်သာရှိပေမယ့်လို့ သာမာန်ခွေးတွေနဲ့မတူဘဲ ပေါင်(၂၀၀)အလေးချိန်ရှိတဲ့ ဖက်တီးခွေးလေး Floydနဲ့ သူ့သခင်ဖြစ်သူတို့ဟာ Salt Lake ကောင်တီက Grandeur တောင်တက်လမ်းမှာ တောင်တက်ရင်း လမ်းပျောက်သွားခဲ့ကြပါတယ်။ လမ်းခုလတ်မှာ လမ်းမှားရင်း လမ်းပျောက်သွားတာကြောင့် သူတို့ကားရှိရာနေရာကို ပြန်မလာနိုင်ဖြစ်ခဲ့ကြပါတယ်။ ပေါင်(၂၀၀)ဆိုတာ လူတောင်သွားရလာရခက်ခဲတဲ့အလေးချိန်ဖြစ်တာကြောင့် ခွေးအတွက်ဆိုပိုအဆင်မပြေဖြစ်စေမှာပါ။

Floyd လေးဟာ ခန္ဒာကိုယ်ကအရမ်းကြီးတဲ့အတွက် တောင်တက်လမ်းခရီးကြမ်းမှာ ပင်ပန်းခဲ့ရပြီး ထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ နာရီအတော်ကြာလမ်းပျောက်နေတဲ့သူ့ကို လှမ်းမြင်ခဲ့တဲ့ အခြားတောင်တက်သမားငါးဦးက တောင်အောက်ရောက်တဲ့အခါ 911 ကိုခေါ်ဆိုအကြောင်းပေးခဲ့ပါတယ်။

Salt Lakeကောင်တီ ကယ်ဆယ်ရေးနဲ့ရှာဖွေရေးအဖွဲ့က ချက်ချင်းဆိုသလို လိုက်လံရှာဖွေခဲ့ကြပြီး ညမမှောင်ခင်အရမ်းမအေးခင်အချိန်မှာ ပဲ ရှာတွေ့ခဲ့ကြပါတယ်။ ပေါင်(၂၀၀)လေးတဲ့ သုံးနှစ်အရွယ်ခွေးလေးကိုကယ်ဆယ်ရတဲ့အ ဖြစ်အပျက်ကတော့ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ကယ်ဆယ်ရေးသမား(၁၀)ယောက်က လူကယ်ထမ်းစင်တွေကိုပါသုံးပြီးတော့ သယ်ထုတ်လာရာ လမ်းခုလတ်မှာ ဘီးကြိုးသွားတာမို့ ပေါင်(၂၀၀)ကြီးကို ထမ်းပြီး တောင်အောက်သယ်လာပေးခဲ့ကြပါတယ်။ ကြိုးတွေနဲ့တုပ်ပြီးခက်ခက်ခဲခဲ ကယ်ရမယ်ထင်ပေးမယ့်ခွေးလေးကအရမ်းလိမ်မာပြီး ငြိမ်ငြိမ်လေးပဲလိုက်လာခဲ့တာပါ။

ခွေးပိုင်ရှင်ဟာ တောင်ပေါ်မှာ ဖုန်းလိုင်းတွေမမိတာကြောင့် ဘယ်မှဆက်သွယ်လို့မရဘဲ သူတို့နှစ်ဦး တောင်ပေါ်မှာပဲ တစ်ညလုံးနေရမယ်လို့ ထင်ထားခဲ့ပေမယ့် ကယ်ဆယ်ရေးသမားတွေရောက်လာကို အရမ်းအံ့သြသင့်နေခဲ့တာပါ။ နောက်တော့မှ တခြားတောင်တက်အဖွဲ့က တောက်အောက်ရောက်ချိန် အကြောင်းကြားပေးခဲ့တာကို သိရှိပြီး ကျေးဇူးတင်မဆုံးဖြစ်ခဲ့ပါတယ်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့ဟာ အကျိုးအမြတ်မယူတဲ့ ပရဟိတ ကယ်ဆယ်ရေးအဖွဲ့ဖြစ်ပြီး သက်တမ်းအားဖြင့် (၁၅)နှစ်နီးပါးရှိနေပါပြီ။ လူတွေကိုသာကယ်ဆယ်ပေးခဲ့ရတာဖြစ်ပေမယ့် အခုလို ခွေးကြီးကို ကယ်ဆယ်ပေးရတဲ့အဖြစ်ကတော့ ခပ်ရှားရှားပဲလို့ဆိုပါတယ်။ 

ခွေးချစ်သူတွေကလည်း တိရိစ္ဆာန်လေးတွေကို အလေးထားကယ်ဆယ်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်နေကြသလို၊ အခုလို စာနာစိတ်အပြည့်နဲ့ ခက်ခက်ခဲခဲရှာဖွေကယ်ဆယ်ပေးတာဟာ အင်မတန်လေးစားစရာပါဆိုပြီး ကယ်ဆယ်ရေးသမားတွေအားလုံး လူထုမေတ္တာအပြည့်အ၀ရရှိနေကြပါတယ်။

Khaing

SHARE