သင့်မှာရင်သားကင်ဆာရှိနေနိုင်ကြောင်းပြသတဲ့လက္ခဏာများ

အမျိုးသမီးတွေအနေနဲ့အသက်၂၀အရွယ်ကစပြီးသူတို့ရဲ့ရင်သားကိုကင်ဆာရောဂါလက္ခဏာရှိမရှိအမြဲတမ်းစစ်ဆေးနေသင့်ပါတယ်။ရင်သားမှာအဖုအပိမ့်ထွက်ခြင်းရင်သားထိပ်ပိုင်းအသားလုံးချိုင့်ဝင်ခြင်းစတဲ့ရင်သားနဲ့ပတ်သက်ပြီးတစ်စုံတစ်ရာပြောင်းလဲတဲ့လက္ခဏာရှိမရှိအမြဲတမ်းစစ်ဆေးနေဖို့လိုတယ်လို့ကျွမ်းကျင်ပညာရှင်တွေကအကြံပြုထားပါတယ်။

ယခင်ကတစ်လတစ်ခါပုံမှန်စစ်ဆေးဖို့အကြံပေးခဲ့ကြပေမယ့်အခုတော့အမြဲတမ်းစဉ်ဆက်မပြတ်ပုံမှန်စစ်ဆေးနေဖို့လိုလာပြီလို့ဆိုပါတယ်။

လန်ဒန်မြို့တောင်ပိုင်း The Blackheath Hospitalက ပညာရှင် Mr Kislaya Thakurက“များသောအားဖြင့်ရင်သား ကင်ဆာရောဂါလက္ခဏာကိုလူနာတွေအနေနဲ့ရောဂါလက္ခဏာအဖြစ်ရင်သားမှာအဖုအကျိတ်ဖြစ်တာကိုကိုယ်တိုင်သိနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒါဟာရင်သားကင်ဆာရောဂါကိုညွှန်းနေပါတယ်။ရင်သားထိပ်ပိုင်းအသားလုံးကပြားနေတာမျိုး၊ရင်သားအထက်ပိုင်းနဲ့ချိုင်းကြားမှာအနီစက်လေးတွေပေါ်လာတာ၊အဖုအပိမ့်ထွက်လာတာတွေကနေ ရောင်ပြီးနာနေတာမျိုးတွေကလည်းကင်ဆာလက္ခဏာအနေနဲ့တွေ့ရပါတယ်”လို့ပြောပါတယ်။

ရင်သားကင်ဆာဟာအသက်၅၀အရွယ်အမျိုးသမီးတွေမှာသာအဖြစ်များတယ်ဆိုပေမယ့်ငယ်ရွယ်တဲ့အမျိုးသမီးတွေမှာလည်းဖြစ်လေ့ရှိပါတယ်။ရင်သားကင်ဆာဖြစ်တဲ့ ၂၀ရာခိုင်နှုန်းသောအမျိုးသမီးတွေဟာ အသက် ၅၀အောက်အရွယ်တွေဖြစ်ပြီး သိပ်ငယ်လွန်းတဲ့အရွယ်မှာ ဖြစ်တာကိုတော့ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

ဒါကြောင့် အသက် ၂၅နှစ် ၀န်းကျင်ကစပြီးရင်သားကင်ဆာလက္ခဏာရှိမရှိ စစ်ဆေးသင့်တယ်လို့ Mr Thakurကအ ကြံပြုထားပါတယ်။

ရင်သားကင်ဆာရောဂါလက္ခဏာကို အချက် (၇)ချက်နဲ့စစ်ဆေးတွေ့ရှိရမှာဖြစ်ပါတယ်။

(၁)ရင်သားအရွယ်အစားနဲ့ပုံစံအပြောင်းအလဲ

အမျိုးသမီးတွေအနေနဲ့လစဉ်ဓမ္မတာလာချိန်နဲ့ကိုယ်ဝန်ဆောင်ချိန်တွေမှာရင်သားကအပြောင်းအလဲဖြစ်လေ့ရှိပါတယ်။ကိုယ်တိုင်ရင်သားကိုသတိထားပြီးပုံစံပြောင်းတာရှိမရှိစစ်ဆေးသင့်ပါတယ်။တကယ်လို့ကိုယ့်စိတ်ထဲမှာတစ်ခုခုထူးခြားနေတာမျိုးခံစားရရင် ကျွမ်းကျင်ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

(၂) အနီစက်နှင့်အဖုအပိမ့်များထွက်ခြင်း

နောက်ထပ်အရေးကြီးလက္ခဏာကတော့ရင်သားထိပ်ပိုင်းအသားလုံးတ၀ိုက်အရေပြားမှာနီမြန်းပြီးအဖုအပိမ့်ထွက်လာတာမျိုးပါ။တခါတရံဇာနဲ့လုပ်ထားတဲ့အမျိုးသမီးအတွင်းခံအင်္ကျီတွေနဲ့တချို့အ၀တ်လျှော်ဆပ်ပြာမှုန့်တွေကြောင့်ဓာတ်မတည့်မှုဖြစ်ရင်လည်းအဲဒီလိုနီမြန်းပြီးအဖုအပိမ့်တွေထွက်တတ်ပါတယ်။ဒါပေမယ့်ပုံမှန်ထက်အခြေအနေဆိုးလာရင်တော့ကျွမ်းကျင်ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့လိုပါတယ်။

(၃)ရင်သားထိပ်အသားလုံးအပြောင်းအလဲ

အထူးသဖြင့်ရင်သားထိပ်အသားလုံးကိုဖျစ်ညှစ်တာမျိုးမရှိဘဲအရည်၊အနှစ်ထွက်လာတာမျိုးဆိုရင်အရေးကြီးတဲ့လက္ခဏာအဖြစ်ကျွမ်းကျင်ဆရာဝန်နဲ့ပြသစစ်ဆေးသင့်ပါတယ်။ဒါဟာအမျိုးသမီးတစ်ယောက်အတွက်ပုံမှန်ရှိတဲ့ရင်သားလက္ခဏာမဟုတ်ပါဘူး။

(၄)အရေပြားပုံစံပြောင်းခြင်း

ရင်သားကင်ဆာရောဂါလက္ခဏာတွေထဲမှာရင်သားဘေးတ၀ိုက်အရေပြားတွေတွန့်ခေါက်တာ၊အရေးအကြောင်းတွေလည်းပါဝင်ပါတယ်။အလွယ်ဆုံးပြောရရင်တော့အသီးတစ်ခုခုကိုအခွံခွာနေသလိုမျိုးအပေါ်ယံအရေပြားအလွှာတွေကွာနေတာမျိုးကိုဆိုလိုပါတယ်။အမျိုးသမီး ခြောက်ယောက်မှာတစ်ယောက်ကအဲဒီလိုလက္ခဏာတွေ့ရှိခံစားရပေမယ့်ရင်သားကင်ဆာလက္ခဏာဖြစ်နိုင်တယ်ဆိုတာမတွေးမိကြဘူးလို့စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်မပေါ့ဆသင့်ဘဲလက္ခဏာတွေ့ရှိခံစားရရင် ကျွမ်းကျင်ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်။

(၅)ချိုင်းကြားနှင့်ညှပ်ရိုးတ၀ိုက်ရောင်ရမ်းခြင်း

 

ရင်သားမှာ အဖုအပိမ့်နဲ့ အကျိတ်တွေထွက်တာဟာ ရင်သားကင်ဆာရဲ့ရောဂါလက္ခဏာတွေဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီလိုရောဂါလက္ခဏာတွေဟာ ရင်သားမှာပဲအမြဲတမ်းဖြစ်ပေါ်တာမျိုးမဟုတ်ပါဘူး။ရင်သားရဲ့တစ်ရှူးတွေကို ချိုင်းကြားနဲ့ ညှပ်ရိုးတ၀ိုက်နေရာတွေမှာလည်းတွေ့ရတတ်ပါတယ်။ဒါကြောင့်အဲဒီနေရာတ၀ိုက်မှာပုံမှန်မဟုတ်တဲ့ ရောင်ရမ်းလက္ခဏာတွေ့ရင်လည်းမပေါ့ဆသင့်ပါဘူး။အနည်းဆုံးတော့တစ်လတစ်ခါရင်သားနဲ့အနီးတ၀ိုက်နေရာတွေကိုပုံမှန်စစ်ဆေးသင့်ပါတယ်။

READ
အိမ်သာတက်ရင်း ဖုန်းပွတ်၊ ဂိမ်းဆော့တတ်သူတွေ သိထားသင့်တဲ့ ဖြစ်ရပ်

(၆)ရင်သားထိပ်ပိုင်းကျုံ့ဝင်ခြင်း

အမျိုးသမီးတွေမှာ တစ်ယောက်နဲ့တစ်ယောက်ရင်သားပုံစံခြင်းမတူကြပေမယ့် ရင်သားထိပ်ပိုင်းအသားလုံးက ထူးခြားစွာ အထဲကိုကျုံ့ဝင်နေတာမျိုးဆိုရင်လည်း ဒါဟာ ရင်သားကင်ဆာလက္ခဏာအဖြစ်သတ်မှတ်နိုင်ပြီး ရောဂါရှိနေနိုင်လို့ မပေါ့ဆ သင့်ပါဘူး။

(၇)ရင်သားနာကျင်ခြင်း

ရင်သားတွေကြပ်ထုပ်ပြီးနာကျင်နေတာမျိုးဆိုရင်လည်းကင်ဆာလက္ခဏာဖြစ်နိုင်ပါတယ်။ဒါပေမယ့်ဓမ္မတာမလာမီ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်စေ၊တင်းကြပ်ပြီးဆိုးရွားတဲ့အတွင်းခံအင်္ကျီဝတ်ဆင်မှုကြောင့်ဖြစ်စေရင်သားတွေနာတတ်ပါတယ်။တကယ်လို့နာကျင်မှုကအချိန်အတော်ကြာအောင်ခံစားနေရရင်တော့ ရောဂါလက္ခဏာအဖြစ်သတ်မှတ်ပြီးကျွမ်းကျင်ဆရာဝန်နဲ့ပြသသင့်ပါတယ်။

“အထူးသဖြင့်လစဉ်ဓမ္မတာလာပြီးတဲ့ရက်တွေမှာရင်သားကအဖုအပိမ့်လေးတွေအနည်းငယ်ထွက်တတ်ပြီးတင်းနေတတ်ပါတယ်။အဲ့ဒီအချိန်ကတော့ရင်သားကင်ဆာလက္ခဏာရှိမရှိစစ်ဆေးဖို့အကောင်းဆုံးအချိန်ပါပဲ။ဒီလိုစစ်ဆေးတာကိုအလေ့အကျင့်တစ်ခုလိုဖြစ်နေစေဖို့ အမျိုးသမီးတွေကိုတိုက်တွန်းချင်ပါတယ်။ရောဂါလက္ခဏာကို စောစောစီးစီးသိရသလို လိုအပ်ရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး အကြံဥာဏ်ရယူနိုင်ပါတယ်”လို့ The Blackheath Hospitalက ပညာရှင် Mr Kislaya Thakurက တိုက်တွန်းအကြံပြုထားပါတယ်။

ChoChoThan(Shwemom)

Ref:thesun

SHARE