နီဗာဒါးသဲကန္တာရထဲက အနုပညာမြောက်စွာ ဆေးရောင်စုံခြယ်သထားသည့် ကားများ

ဂိုးလ်ဖီးအနီးက နီဗာဒါးမှာ ထရပ်ကားတွေနဲ့ ဗန်ကားတွေအပါအဝင် ကားအမျိုးပေါင်း ၄၀ကျော်ကို စိုက်ထူထားတဲ့ ကားသစ်တောတစ်ခုရှိပါတယ်။ ကားတွေကို ရင်ထိတ်ဖွယ် ကားနောက်ပိုင်းကနေ မျှခြေထိန်းပြီး မလဲယုံတမယ်ထောင်ထားကြတာရှိသလို တစ်စီးနဲ့ တစ်စီးထပ်ထားကြတာလည်းရှိပါတယ်။

Ripley
Ripley

ကားများစွာရဲ့ခေါင်မိုးတွေပေါ်မှာ အစီအစဉ်တကျမဟုတ်ဘဲ စိတ်ကူးတည့်ရာရေးဆွဲထားတဲ့ပုံစံ အရောင်စုံလှပတဲ့ နံရံဆေးရေးပန်းချီတွေကို ကားမောင်းသွားရင်းဖြစ်စေ၊ လမ်းလျှောက်ပြီးပဲဖြစ်စေ ကြည့်ရှုနိုင်ပါတယ်။ ကားတွေကိုဒီလိုမျိုး နောက်ပိုင်းကနေ မိုးပေါ်ထောင်ထားတဲ့ပုံစံလုပ်ထားတာဟာ စိတ္တဇဆန်တဲ့ ပုံတူပန်းချီတွေ၊ နိုင်ငံရေး ရုပ်ပြောင်တွေ၊ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပူးပေါင်းဆွဲထားကြတဲ့ ဂရပ်ဖတီတွေကိုရေးဆွဲဖို့အတွက် ပိတ်ကားသဖွယ်ဖြစ်အောင်လုပ်ထားကြတယ်ဆိုတာ သိသာထင်ရှားစွာမြင်နိုင်ပါတယ်။
ဒီနေရာကို စတင်ဖန်တီးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Chad Sorgကတော့ ဒီလိုပြောပြခဲ့ပါတယ်။ “ဒီနေရာက မူလပန်းချီလက်ရာအများစုက ကျွန်တော်ဆွဲခဲ့တာပါ။ ၂၀၁၃မှာ ကျွန်တော် ဂိုလ်းဖီးကထွက်လာပြီးနောက်မှာ တခြားပန်းချီဆရာတွေရောက်လာပြီး မတူညီတဲ့ပုံစံသစ်တွေ ထပ်မံပေါင်းစပ် ရေးဆွဲလာကြပါတယ်”
လာရောက်လည်ပတ်သူတွေဟာ Ron Paulရဲ့ပုံတူပန်းချီမှအစ “Kapow” ဂရပ်ဖတီ၊ ဂြိုလ်သားတွေရဲ့ကျူးကျော်မှု သရုပ်ဖော်ပုံတွေအထိ ခလုတ်တိုက်မတတ် လှည့်လည်ကြည့်ရှုနိုင်ပါတယ်။
Sorgရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ “အနီဖြစ်ခြင်း နဲ့ အပြာဖြစ်ခြင်း” ပန်းချီကားဟာဆိုရင် တစ်ပုံက သိပ္ပံခေတ်ဂြိုလ်သားတစ်ကောင်ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ နတ်သားတစ်ပါးက တော်လှန်တိုက်ခိုက်နေပုံကို ဖော်ကျူးထားပါတယ်။ အနီနဲ့ အပြာဟာ Sorgရဲ့ ကိုယ်ပိုင်အလုပ်နဲ့ သူ့ရဲ့နိုင်ငံရေးပိုင်းမှာ စိတ်အားတက်ကြွမှုတွေဟာ အားပြိုင်နေကြပုံကို သရုပ်ဖော်ထားတာပါ။

READ
Godzilla ဖန်တွေ အကြိုက်တွေ့စေမယ့် Awaji Island က Godzilla ပြတိုက်
Ripley

ဖန်တီးသူနောက်တစ်ယောက်ဖြစ်တဲ့ Michael Mark Rippieဟာ ဒီအကြံကို ၂၀၀၂ခုနှစ်လောက်မှာစရခဲ့တာဖြစ်ပါတယ်။ မူလရည်ရွယ်ချက်က ကမ္ဘာ့စံချိန်ဝင်ဖို့ ဖြစ်ပါတယ်။ တခြားစံချိန်တင်သူတွေဟာ မုတ်ဆိတ်အရှည်ကြီးထားတာတွေ၊ မီးတောက်နေတဲ့အရာဝတ္ထုတွေကို လှည့်ကစားပြတာတွေနဲ့ ကြိုးစားနေကြချိန်မှာ Rippieဟာ သူပိုင်ဆိုင်တဲ့ကားအဟောင်းမျိုးစုံနဲ့ မြေဧက ၈၀ရယ် သူ့ရဲ့စက်ပြင်လုပ်သက်အတွေ့အကြုံတွေရယ်ကို အသုံးချပြီး စံချိန်တင်ဖို့ ကြိုးစားခဲ့တာပါ။ Rippie ဟာ ကားရဲ့ရှေ့အဖုံးပိုင်းကိုမြေကြီးထဲမှာ ထိုးစိုက်ထောင်ပြီးတော့ မြေကြီးထဲမှာကားအများဆုံးစိုက်ထူနိုင်တဲ့ စံချိန်ကိုလိုချင်ခဲ့တာပါ။
၂၀၀၄ခုနှစ်မှာ Sorgဟာ ဒီနေရာကိုတွေ့ရှိခဲ့ပြီး Rippieကိုဆက်သွယ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကားအနည်းငယ်သာရှိသေးပေမယ့်လည်း ပန်းချီမြောက်များစွာကိုဆွဲနိုင်မယ့် အခွင့်အရေးက Reno Nada Dada Motel ကို ပူးတွဲတည်ထောင်သူ Sorgရဲ့စိတ်ကိုဖမ်းစားခဲ့ပါတယ်။ ၂၀၁၀မှာ သူဟာဂိုးလ်ဖီးကို ပြောင်းရွှေ့လာခဲ့ပြီး ဒီကန္တာရထဲကို Rippieနဲ့အတူ ခုန်ဆင်းခဲ့ပြီးတော့ ၂၀၁၁မှာသူတို့ရဲ့လုပ်ငန်းကို အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒီနေရာကိုဖန်တီးစဉ်တစ်လျှောက်မှာ Rippe နဲ့ Sorgတို့ဟာ ကားတွေကိုသယ်ယူ၊ အတင်အချလုပ်ရာမှာ ကျွမ်းကျင်သူတွေ ဖြစ်လာကြပါတယ်။ နေ့ဘက်ရဲ့ ပြင်းထန်တဲ့အပူချိန်ကိုရှောင်ပြီး ညသန်းခေါင်တွေမှာသာ မြေတူးစက်၊ ထရပ်ကားတွေကိုအသုံးပြုပြီး အလှဆင်ခဲ့ကြရတာပါ။

READ
ဘ၀မှာ တစ်ခါတစ်ခေါက်တော့ ရောက်သွားသင့်တဲ့ နေရာ(၅)ခု
Ripley

ဒီကားသစ်တောဟာ မကြာခင်မှာပဲ နောက်ထပ်ဧက၄၀ထပ်တိုးနိုင်တဲ့အထိ ကျယ်ပြန့်လာပြီး စံချိန်တင်ဖို့အခွင့်ရေးလည်း ရလာခဲ့ပါတယ်။
“စံချိန်လျှောက်ဖို့အတွက် ဒီအရာတွေဟာ အစစ်ဖြစ်ကြောင်းတင်ပြဖို့ စာရွက်စာတမ်းတွေပြင်ဆင်ရတာကို ကျွန်တော်တို့က ပျင်းတာဗျ။ ဒါပေမယ့် ကျွန်တော်တို့လေ့လာကြည့်သလောက်တော့ ဒီနေရာကကမ္ဘာ့အကြီးဆုံး ကားသစ်တောပါပဲ” လို့ Sorg ကပြောပါတယ်။
ဂိုးလ်ဖီးဒေသရဲ့ ဒီကားသစ်တောဟာ အခကြေးငွေတစ်ပြားတစ်ချပ်မယူဘဲ ကြည့်ရှုခံစားနိုင်တဲ့ ပြင်ပမော်တော်ကားပန်းချီပြခန်းဖြစ်ပါတယ်။ Rippie နဲ့ Sorgရဲ့ ရည်ရွယ်ချက်က ဒီနေရာရဲ့နာမည်လေးအတိုင်းပဲ တမူထူးခြားဆန်းသစ်တဲ့အမြင်တွေနဲ့ ဘာသာတရားရယ်၊ ဒေသရဲ့လှပတဲ့ရှုခင်းရယ်ကို ပေါင်းစပ်ပြီး ဆန်းသစ်တဲ့အမြင်တွေကို ခံစားရဖို့ဖြစ်ပါတယ်။ ဒီလေးနက်တဲ့အဓိပ္ပါယ်တွေကိုဖယ်လိုက်ရင်တောင် ဒီနေရာလေးဟာ လည်ပတ်လို့ကောင်းပြီး ကိုယ်တိုင်ပါဝင်ဖန်တီးလို့ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ Sorg က ဒီနေရာကိုကားမောင်းရင်း လာရောက်လည်ပတ်လေ့လာဖို့ဖိတ်ခေါ်ထားပါတယ်။
“ပန်းချီပညာရှင်တွေဟာ ဒီနေရာမှ မည်သည့်ကန့်သတ်ချက်မှမရှိဘဲ လွတ်လွတ်လပ်လပ်ပုံဆွဲပြီး အလှဆင်လို့ရပါတယ်”
တောက်ပတဲ့အပြာရောင်မိုးကောင်းကင်နဲ့ တောင်တန်းတွေဝန်းရံထားပြီး ဒေါင်လိုက်ထောင်ထားတဲ့ ကားတွေရှိတဲ့ ဒီတောင်ကြားလေးဟာ နယ်ပယ်အသီးသီးက ပန်းချီပညာရှင်တွေ၊ ဆေးခြယ်သူတွေ၊ နံရံဆေးရေးပန်းချီသမားတွေ၊ ဖျော်ဖြေသူတွေ၊ ဓာတ်ပုံဆရာတွေအတွက် အလွန်ပြည့်စုံတဲ့ကစားကွင်းလေးဖြစ်ပါတယ်။

Ripley
Ripley

Moe Sam

Source : Ripleys

SHARE