(၂၀၁၉)ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကျွန်းအဖြစ် သတ်မှတ်ခံရတဲ့ အိပ်မက်ဆန်ဆန် ကျွန်းလေး

Shutterstock/Adel Newman

ကမ္ဘာ့ပေါ်မှာ အလှပဆုံးနဲ့ အတည်ငြိမ်အေးချမ်းဆုံးကျွန်းတွေရှိရာ နေရာတွေကို ပြောပါဆိုရင် တီဟီတီ၊ ဘိုရာဘိုရာ၊ ဘာလီနဲ့ ဟာဝိုင်အီတို့က အရင်ဆုံးခေါင်းထဲ ရောက်လာမှာပါ။ သို့ပေမယ့် Conde Nast Traveler အရတော့ ဖိလစ်ပိုင်နိုင်ငံက Siargao အမည်ရတဲ့ ကျွန်းလေးဟာ ယခုနှစ်အတွက် အိပ်မက်ဆန်ဆန်လှပနေတဲ့ ကမ္ဘာ့အကောင်းဆုံး ကျွန်းလေးအဖြစ် သတ်မှတ်ခံရပါတယ်။

Shutterstock/Mahara

အလှမ်းဝေးလှတဲ့ ၄င်းကျွန်းကလေးမှာ အကြင်းဖျင်း လူဦးရေ(၂) သောင်းလောက် နေထိုင်လေ့ရှိပါတယ်။ လူသူခြေမချရသေးသလို အသစ်စက်စက်အတိုင်း သန့်ရှင်းနေတဲ့ ကမ်းခြေရယ်၊ ဖြူလွှလွှသဲနုတွေနဲ့ ရေလွှာလျှောစီးလို့ ကောင်းတဲ့အနေအထားတွေက ကမ္ဘာလှည့်ခရီးသည်တွေကို လက်ယက်ခေါ်နေသလိုပါ။ ကျွန်းပေါ်မှာတော့ အပူပိုင်းဒေသရဲ့ အငွေ့အသက်နဲ့အတူ ငြိမ်းချမ်းအေးဆေးမှုကိုပါ ခံစားရမှာ ဖြစ်ပါတယ်။

Shutterstock/Jukkis

Insider သတင်းဌာနမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရတော့ Siargao ရဲ့ အကြောင်းကို ခုလိုသိရပါတယ်။ Siargao ကျွန်းဟာ စတုရန်း (၁၆၉) မိုင်ကျယ်ဝန်းပါတယ်။ ကျွန်းပေါ်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မရှိတဲ့အတွက် ခရီးသွားအများစုဟာ မနီလာမြို့တော်ကနေမှ တဆင့် Siargao ရဲ့ ပြည်တွင်းလေဆိပ်ဖြစ်တဲ့ Sayak လေဆိပ်ကို ပန်ကာတပ်လေယာဉ်နဲ့ (၂)နာရီ ခွဲကြာ ထပ်စီးသွားရပါတယ်။

READ
သဘာဝတရားကို ချစ်မြတ်နိုးသူတွေဖို့ သွားသင့်တယ်လို့ မြင်မိတဲ့ အမေရိကကနေရာများ
Shutterstock/Kim David

ကျွန်းလေးကို ရောက်ဖို့ဟာ ခရီးရှည်လျားပေမယ့်လည်း Siargao ရဲ့ ကြည်ပြီး ပြာလဲ့နေတဲ့ ရေပြင်ကျယ်နဲ့ အဖြူရောင်ကမ်းခြေတွေကို တွေ့ဖို့ စိတ်အားထက်သန်နေတဲ့ ခရီးသွားကတော့ Siargao ကို လာမြဲလာနေဆဲပါပဲ။

ကျွန်းလေးပေါ်မှာ ထူးထူးခြားခြား စွတ်စွတ်ဖြူနေတဲ့ သဲသောင်ခုံလေးရှိပါတယ်။ သဲသောင်ခုံဟာ အလယ်မှာရှိပြီး ၄င်းရဲ့ဘေးပတ်ပတ်လည်မှာ ထွင်းဖောက်မြင်ရလောက်အောင် ကြည်တောက်နေတဲ့ ရေပြာပြာတွေကြောင့် မသိရင် ဖိုတိုရှော့လုပ်ထားသလို ထင်ရပါတယ်။

Shutterstock/kudla

Siargao ကျွန်းလေးပေါ်မှာ Magpupungko အမည်ရတဲ့ နောက်ထပ် ကျွန်းလေးလည်း ရှိပါသေးတယ်။ အဲဒီမှာတော့ ဒီရေအတက်အကျကြောင့် ဖြစ်ပေါ်လာတဲ့ ကျောက်တုံးရေကန်လေးတွေကိုလည်း တွေ့ရမှာပါ။ ကျွန်းလေးရဲ့ မြောက်ဘက်စွန်းမှာတော့ Tattak ရေတံခွန်ရှိပါတယ်။ Siargao ရဲ့ နေ၀င်ချိန်တွေဟာ ဘယ်လိုမြင်ကွင်းနဲ့မှ နှိုင်းစာလို့မရအောင်ကို နှစ်သက်ဖွယ်ကောင်းနေပါသေးတယ်။

READ
တာခ်ျမဟာမှာ ၃ နာရီထက်ပိုနေပါက အခကြေးငွေကောက်ခံတော့မယ့် စည်းကမ်းသစ်

Kermit Siargao ၊ Harana Surf School ၊ Buddha’s Surf Resort စတဲ့အပန်းဖြေစခန်းတွေကတော့ Conde Nast အရ အကောင်းဆုံးအပန်းဖြေစခန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်းပေါ်မှာတော့ လူသူအလှမ်းဝေးလို့ဆိုပြီး အစားအသောက်ရှားပါးမှာလည်း ပူပင်စရာမလိုပါဘူး။ ဖိလစ်ပိုင်ရိုးရာ အကင်တွေနဲ့အတူ ဖိလစ်ပိုင်အစားအသောက်တွေနဲ့ လတ်ဆတ်ချိမြိန်လှတဲ့ ပင်လယ်စာမျိုးစုံလည်း ရနိုင်တယ်လို့ သိရပါတယ်။

Shutterstock/Kim David

လင်းလင်း (ShweMom)

SHARE