သရုပ်ဆောင် ကောင်းလွန်းတဲ့ Joaquin Phoenix ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား ၅ ကား

Twitter/Joaquin Phoenix

အခုနိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာပါ လူကြည့်များပြီး စိတ်ဝင်စားမှုအများဆုံးရှိနေတဲ့ ရုပ်ရှင်ကတော့ Joker ပါပဲ။ Joker ကို  Hangover ရုပ်ရှင်တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာ Todd Phillips က ရိုက်ကူးထားတာပါ။ Joker နေရာမှာ သရုပ်ဆောင်သူကတော့ Joaquin Phoenix ဖြစ်ပါတယ်။ Joker  ရုပ်ရှင်မှာ Joaquin Phoenix ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ၊ ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ အမူအရာတွေဟာ ကြည့်ရှုသူ ပရိသတ်တွေကို ကောင်းကောင်းဖမ်းစားနိုင်ခဲ့ပါတယ်။ Joker ရုပ်ရှင်ဟာ နိုင်ငံတကာက ရုပ်ရှင်ဝေဖန်ရေးဆရာသမားများကိုယ်တိုင်က ချီးမွန်းထားပြီး ၂၀၁၉ ရဲ့ အကောင်းဆုံး ရုပ်ရှင်ကားအဖြစ်လည်း သတ်မှတ်ခြင်းခံရပါတယ်။

 

အခုတော့ Joker နေရာမှာ သရုပ်ဆောင်တဲ့ Joaquin Phoenix ရဲ့ အကောင်းဆုံးလို့ ပြောလို့ရမယ့် ရုပ်ရှင်ကား ၅ ကားကို ဖော်ပြလိုက်ပါတယ်။

(၁)  Her
Imdb/Her

အမေရိကန်ဒါရိုက်တာ Spike Jonze ရဲ့ အချစ်ဇာတ်လမ်း ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Her ရုပ်ရှင်ဟာ Joaquin Phoenix ကို လူသိများခဲ့တဲ့ ရုပ်ရှင်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ စိတ်ကူးယဉ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး သိပ္ပံခေတ်မှာ လူသားတွေရဲ့ အချစ်စိတ်ကို ဖော်ကျုးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ အဆိုပါ Her ရုပ်ရှင်ကားဟာ Joaquin Phoenix ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အကောင်းဆုံးပြသနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလို့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Her ရုပ်ရှင်ထဲမှာ Joaquin Phoenix ဟာ အထီးကျန်နေတဲ့ Theodore နေရာမှာ သရုပ်ဆောင်ထားခဲ့သူလည်း ဖြစ်ပါတယ်။ ဒီနောက်မှာတော့ AI ပရိုဂရမ်နဲ့ ရေးဆွဲထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရရှိခဲ့ပြီး သူတို့နှစ်ယောက်ကြားကချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ။

(၂)Inherent Vice
Imdb/Inherent Vice

ဒါရိုက်တာပေါလ်သောမတ်စ်အန်ဒါဆန်ရိုက်ကူးတဲ့ Inherent Vice မှာလည်း Joaquin Phoenix ဟာ အကောင်းဆုံး သရုပ်ဆောင်ခဲ့သူတစ်ယောက်ပါ။ ဒီ ရုပ်ရှင်ဟာ လူတွေကြားထဲ သိပ်မရောက်ရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့ Joaquin Phoenix ရဲ့ သရုပ်ဆောင်မှုကိုကောင်းကောင်းမြင်ရမှာပါ။ ၁၉၇၀ ခုနှစ်က လော့စ်အိန်ဂျလိစ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့အတွက်ကြောင့်လည်း တစ်ကားလုံးဟာ ၁၉၇၀ ခုနှစ်က အမေရိကန်တွေရဲ့ ဝတ်စားဆင်ယဉ်ပုံ၊ ဟစ်ပီတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကိုပါ မြင်ရမှာဖြစ်ပါတယ်။ Joaquin Phoenix  အပြင် ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Reese Witherspoon၊  Josh Brolin၊ Joanna Newsom၊ Owen Wilson နဲ့  Benicio del Toro တို့ ဖြစ်ကြပါတယ်။ ၈၇ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ Inherent Vice ရုပ်ရှင်အတွက် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးအဝတ်အစားပြင်ဆင်မှုဆုတို့အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

(၃) The Master
Imdb/The Master

ပေါလ်သောမတ်စ်အန်ဒါဆန် ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ နောက်ထပ် ရုပ်ရှင်ကားတစ်ကားပါပဲ။ The Master ထဲမှာတော့  Joaquin Phoenix ဟာ တော်တော်လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ဟာလည်း ဒီ ရုပ်ရှင်ထဲမှာ အလွန်ပြောင်မြောက်စွာ သူကိုယ်တိုင်တွေ့ရှိခဲ့ပုံပါပဲ။ များသောအားဖြင့် Joaquin Phoenix ဟာ ဒါရိုက်တာပေါလ်သောမတ်စ်အန်ဒါဆင်နဲ့ပဲ လက်တွဲညီညီ ဓာတ်ကျပုံပေါ်ပါတယ်။  ဒီ ရုပ်ရှင်ထဲမှာJoaquin Phoenixနဲ့ အပြိုင် သရုပ်ဆောင်ခဲ့တဲ့ Philip Seymour Hoffman ကလည်း တော်တော်လေးကို မိုက်ပါတယ်ဗျာ။ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ 

အော်စကာဆုအတွက် The Master မှာ Joaquin Phoenix ရော  Philip Seymour Hoffman နှစ်ယောက်စလုံး ဆန်ကာတင်စာရင်းဝင်ခဲ့ပေမယ့် အော်စကာဆုကိုတော့ မရရှိခဲ့ပါဘူး။

(၄)Gladiator
Imdb/Gladiator

အင်္ဂလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Ridley Scott ရိုက်ကူးတဲ့ Gladiator ဟာ ၂၀၀၀ ခုနှစ်မှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကာလတုန်းက Gladiator ရုပ်ရှင်ဟာ အအောင်မြင်ဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ခဲ့ပါတယ်။ CGI  တွေ သိပ်မထွန်းကားသေးခင် ကာလတုန်းက ရောမအင်ပါယာခေတ်ကို နောက်ခံထားပြီး ရိုက်ကူးတဲ့ ရုပ်ရှင်တွေဟာ များသောအားဖြင့် ငွေကုန်ကြေးကျလည်းများပြီး၊ လူအင်အားများများနဲ့ ရိုက်ကူးရလေ့ရှိတာကြောင့် တော်ရုံတန်ရုံ ဒါရိုက်တာတွေ သွားမထိရဲကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Gladiator မှာ Joaquin Phoenix ဟာ ဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့ပါတယ်။ Gladiator ရုပ်ရှင်ဟာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး သရုပ်ဆောင်၊ အကောင်းဆုံး အဝတ်အစားဒီဇိုင်း စတဲ့ ဆုတွေအပြင် စုစုပေါင်း အော်စကာဆု ၅ ဆုအထိရရှိပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

(၅) Joker
Imdb/Joker

ဒါရိုက်တာ Todd Phillips ရိုက်ကူးတဲ့ Joker ထဲမှာ Joaquin Phoenix ရဲ့ အကောင်းဆုံး ရုပ်ရှင်ကားတွေထဲမှာ  ချန်ထားလို့မရတဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Joaquin Phoenix ဟာ အဆိုပါရုပ်ရှင်ကားထဲမှာ မအောင်မြင်တဲ့ လူရွှင်တော်တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး ရိုက်ခတ်လာတဲ့ လူမှုအဖွဲ့အစည်းထဲက ရက်စက်မှုတွေ၊ မထင်မှတ်ထားတဲ့ လူတွေပေးတဲ့ နာကျင်မှုတွေနဲ့ အတူ သူ့ကို Joker အဖြစ် ပြောင်းလဲသွားစေတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ အဆိုပါ ရုပ်ရှင်ထဲမှာ Joaquin Phoenix ရဲ့ ခြောက်ခမ်းခမ်းရယ်မောသံတွေ၊ ခြောက်ခြားဖွယ်ကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လက်ဖျားခါလောက်အောင် ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အော်စကာဆု အကြိမ်ကြိမ်လွဲခဲ့တဲ့ Joaquin Phoenix အတွက် Joker ရုပ်ရှင်ဟာ အော်စကာဆုကို သယ်ဆောင်လာမယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Ye Yint Kyaw

SHARE