အိမ်ခြေမဲ့တို့အတွက် တစ်ညတာအိပ်စက်နိုင်မယ့် ရွေ့လျားနှစ်ထပ်ဘတ်စ်ကား

Facebook/IanSmith

အင်္ဂလန်နိုင်ငံ Newport မြို့လေးမှာ သိပ်မကြာခင်အချိန်အတွင်း နှစ်ထပ်ဘတ်စ်ကားတွေကို ပြုပြင်ထားတဲ့ ရွေ့လျားအိမ်ရာပရောဂျက် စတင်တော့မှာဖြစ်ပါတယ်။ အိမ်ခြေရာမဲ့ဦးရေများပြားလာတဲ့ အင်္ဂလန်နိုင်ငံမှာ လမ်းဘေးမှာ အိပ်စက်နေကြတဲ့ အိမ်ရာမဲ့တွေအတွက် တစ်ညတာ အိပ်စက်အနားယူလို့ရမယ့် ဘတ်စ်ကားတစ်စင်းဖြစ်ပါတယ်။ မျှော်လင့်ချက်လို့ အတိုကောက်အဓိပ္ပာယ်ရတဲ့ Helping Open People’s Eyes အဖွဲ့က စီစဉ်ခဲ့တာဖြစ်ကြောင်း Wales Online သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲဒီဘတ်စ်ကားတွေဟာ အရင်ကတော့ အင်္ဂလန်နိုင်ငံမှာ ခရီးသွားပို့ဆောင်ရေးအတွက် အသုံးပြုခဲ့တဲ့ ဘတ်စ်ကားအဟောင်းတွေပါ။ ဘတ်စ်ကားအဟောင်းတွေကို လိုက်ခံဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင်ကာ အခုလို အိမ်ရာမဲ့တွေအတွက် အသုံးချခဲ့ခြင်းဖြစ်ပါတယ်။

Facebook/IanSmith

အိုင်ရမ်စမစ်နဲ့ သူ့ဇနီးဖြစ်သူတို့ဟာ ဒီလို အိမ်ရာမဲ့တွေ တစ်ညတာခိုနားလို့ရမယ့် အစီအစဉ်အကြောင်းကိုBristol  မြို့မှာ အရင်မြင်တွေ့ခဲ့ရပြီးနောက်မှာ အခုလို သူတို့နေထိုင်တဲ့ Newport မြို့မှာ ပြန်လည်ပြုလုပ်ခဲ့တာပါ။

“ကျနော်တို့က အိမ်ရာမဲ့တွေကို အစားအသောက်တွေ လှူဒါန်းနေတာ လေးနှစ်လောက်ရှိပြီ” လို့အိုင်ရမ်စမစ်က ပြောပါတယ်။ “အိမ်ရာမဲ့တွေ လမ်းဘေးမှာ အိပ်နေတာကို ကျနော်တို့ တစ်နေ့ပြီး တစ်နေ့မြင်တွေ့လာခဲ့ရတယ်။ ပိုပိုများလာခဲ့တာပေါ့။ အဲဒီနောက်မှာ ကျနော် ဒီလို တစ်ညတာ အိပ်စက်အနားယူလို့ရမယ့် ဘတ်စ်ကားပရောဂျက်ကို လုပ်နေတဲ့ ဂျက်စ်ပါသောန်ဆမ်နဲ့ တွေ့ခဲ့တယ်။ သူတို့လုပ်နေတဲ့ ပရောဂျက်ကို ကြည့်ပြီးမှ အခုလို ပြုလုပ်ခဲ့တာပါ”

Facebook/IanSmith
Facebook/IanSmith

ဒီလို ပြုလုပ်ဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာလကတည်းက  ငွေ စစုခဲ့ပြီး အလှူငွေများကိုလည်း ကောက်ခံရယူခဲ့တာပါ။

အသုံးမပြုတော့တဲ့ ဘတ်စ်ကားအဟောင်းတွေကို ပေါင်ငါးထောင်ကျော် ပေးဝယ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့တာပါ။ သူကတော့ အကုန်လုံးအတွက် ကုန်ကျစရိတ်ဟာ ပေါင် ၂ သောင်းကျော်လောက် ကျသင့်ခဲ့တယ်လို့ဆိုပါတယ်။

Facebook/IanSmith

အစကတော့ ဒီဘတ်စ်ကားကို ခရစ္စမတ်မတိုင်မီ ပြီးစီးဖို့ မျှော်လင့်ခဲ့ပေမယ့် “ မျှော်လင့်ချက်” ဘတ်စ်ကားကြီးရဲ့ အထွေထွေပြင်ဆင်မှုတွေ မပြီးစီးသေးတာကြောင့်  ၂၀၂၀ နှစ်အစောပိုင်းလောက်မှာပဲ ပြီးစီးမယ်လို့ ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ လူ ၁၂ ယောက်တိတိဆန့်ပြီိး ရေချိုးခန်း ၂ ခု၊ အိမ်သာ ၂ လုံး၊ မီးဖိုခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းပါဝင်ပါတယ်။

Ye Yint Kyaw

SHARE