လူ(၁၃)ယောက်ကို မတရားထိန်းသိမ်းထားပြီး၊ အလုပ်တွေ ပင်ပင်ပန်းပန်း ခိုင်းစေနေတဲ့လူ

YouTube/RNZ

နယူးဇီလန်နိုင်ငံမှာ စုံထောက်တွေဟာ အိမ်တစ်အိမ်ကို ဝင်ရောက်စီနင်းရှာဖွေခဲ့ရာ၊ လူတစ်ယောက်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဖော်ထုတ်နိုင်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အိမ်ရှင်ရဲ့အမည်ကတော့ Joseph Auga Matamata ဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား Samoan လူမျိုးစုရဲ့ အကြီးအကဲတစ်ဦးပါ။ သူဟာ လူ(၁၃)ယောက်ကို မတရား ဖမ်းဆီးထိန်းသိမ်းထားပြီး၊ အလုပ်တွေကို အခပေးချေခြင်းမရှိဘဲ ပင်ပင်ပန်းပန်း ခိုင်းစေနေတာပါ၊

ကျွန်အဖြစ်နဲ့ အတင်းခိုင်းစေခံရသူတွေထဲမှာ အသက်(၁၂)နှစ်အရွယ် ကလေးတစ်ယောက်လည်း ပါဝင်ပါတယ်။ Joseph ဟာ ရက်ရက်စက်စက် ခိုင်းသလောက် အားလုံးကို မငတ်ရုံသာ ကျွေးမွေးထားပါတယ်။ လုပ်အားခကိုလည်း တစ်ပြားတစ်ချပ်မှ မပေးဘူးလို့ သိရပါတယ်။

သူကျွန်ပြုထားတဲ့လူတွေဟာ ဆာမိုအာနိုင်ငံကနေ နယူးဇီလန်နိုင်ငံအတွင်းကို သွေးဆောင်ဖြားယောင် ခေါ်ဆောင်လာခဲ့သူတွေ ဖြစ်ပါတယ်။ ဒီအမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့စုံထောက်တွေက ဖော်ထုတ်နိုင်ချိန်မှာတော့ Joseph ကို ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးခဲ့ပါတယ်။

Joseph ဟာ တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ သူတို့ကို အုပ်ချုပ်ပြီး၊ စည်ကမ်းချိုးဖောက်ပါက ရက်ရက်စက်စက် ရိုက်နှက်ဆုံးမပြီး၊ အစားအစာမကျွေးဘဲ ပစ်ထားတာတွေလည်း ရှိပါသတဲ့။ ကလေးမလေးတစ်ယောက်က ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ဆာမိုအာမှ လူကုန်ကူးခေါင်းဆောင်က သေလုမျောပါးရိုက်နှက်ပြီး၊ ကားထဲမှာ အချိန်ကြာမြင့်စွာ ကြိုးနဲ့ချည်ထားခဲ့ပါတယ်။

သူတို့တစ်တွေဟာ ပန်းသီးခြံထဲမှာ တစ်နေကုန် ပန်းသီကောက်ရပြီး မဝရေဆာ စားရပါတယ်။ တစ်ရက်ကို (၁၄)နာရီ အလုပ်လုပ်ရပြီး၊ ဒါတင်မကသေးဘဲ Joseph ရဲ့ အိမ်မှုကိစ္စတွေကိုပါ လုပ်ပေးရပါသေးတယ်။ Joseph ဟာ နယူးဇီလန်မှာတော့ ကျွန်စနစ်ကွယ်ပပြီးနောက်၊ ပထမဆုံး ကျွန်ကုန်ကူးသူလို့တောင် ပြောလို့ရပါတယ်။

ဒီရက်စက်ယုတ်မာမှုတွေကို ကာလအတန်ကြာမှ သက်ဆိုင်ရာက ဖော်ထုတ်နိုင်ခဲ့တာပါ။ Joseph ကို ထောင်ဒဏ် (၁၁)နှစ်နဲ့ သူ့ရဲ့မတရားခိုင်းစေမှုအောက်မှာရှိနေတဲ့ လူ(၁၃)ယောက်ကို အမေရိကန်ဒေါ်လာ (၁၈၃၀၀၀)ဆီပေးချေဖို့ အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ရရှိတဲ့ ငွေပမာဏက နည်းပါးလွန်းပေမယ့် မတရားမှုတစ်ခုကတော့ ကွယ်ပျောက်သွားခဲ့တာ အမှန်ပါဘဲ။

လင်းသူရိန်

SHARE