အရက်ဆိုင်ကရန်ပွဲမှာ မျက်နှာကို ပုလင်းကွဲနဲ့ အလှီးခံလိုက်ရတဲ့ အင်္ဂလန်အလှမယ်လေး

Instagram/OliviaCooke

အသက်(၂၁)အရွယ် အင်္ဂလန်အလှမယ်လေး Olivia Cooke ဟာ အရက်ဆိုင်က ရန်ပွဲမှာ ပါဝင်ပတ်သက်ခဲ့မိလို့ မျက်နှာကို ပုလင်းကွဲနဲ့အလှီးခံခဲ့ရတယ်လို့ The Sun သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ သူမကို အလှပျက်အောင်လုပ်ခဲ့သူကတော့ ဘဝတူ မိန်းမသားပါပဲ။ Olivia အနေနဲ့တော့ ပြန်ကုလို့ရခဲ့ပေမယ့် ဒါဟာ သူမရဲ့ မိမွေးတိုင်းဖမွေးတိုင်း အလှမဟုတ်တော့ပါဘူး။

Olivia ဟာ ပရိုဂေါက်ရိုက်အားကစားမယ်လည်းဖြစ်ပြီး၊ ယမန်နှစ်က Miss England အလှမယ်ပြိုင်ပွဲမှာ နောက်ဆုံးစံကာတင်အဆင့်ထိ တက်ရောက်ခဲ့သူပါ။ သူမကိုထိုးနှက်ခဲ့တဲ့ အမျိုးသမီးအမည်ကတော့ China Gold လို့ အမည်ရပါတယ်။ အမည်ကလည်း ခပ်ဆန်းဆန်းပါဘဲ။ တရားခံကတော့ အသက်(၂၇)နှစ်ပါ။

Facebook/OliviaCooke

Olivia ဟာ Kent နယ်မြေထဲက Barming မှာ နေထိုင်သူပါ။ သူမဟာ တရားသူကြီးထံ ထွက်ဆိုရာမှာ Gold က ပုလင်းကွဲနဲ့ မျက်နှာကို အထိုးမခံရခင် သူမရဲ့လည်ပင်းကို နှစ်ကြိမ်အထိ ညှစ်ခဲ့သေးတယ်လို့ ငိုပြီးပြောပါတယ်။ Gold ကတော့ သူမမှာ အပြစ်မရှိကြောင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ရင်း မတော်တဆမှု ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။

Olivia ဟာ မျက်နှာမှာ ဟက်တပ်ကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး၊ ဒဏ်ရာတွေအတွက် ငါးချက်အထိ ချုပ်ခဲ့ရပါတယ်။ ဘားထဲကို ဝင်လာချင်းမှာပဲ Gold က မခံချင်အောင် လှောင်ပြောင်ခဲ့သလို၊ မထုံတက်တေးနေတဲ့ OIivia ကို တိုက်ရိုက်စိန်ခေါ်ကာ အယုနတ္တစကားတွေနဲ့ အကြောင်းမဲ့ ဆဲခဲ့တယ်လို့ Maidstone Crown Court မှာ ထွက်ဆိုထားပါတယ်။

Instagram/OliviaCooke

အခင်းဖြစ်ခဲ့ရာ နေရာကတော့ West Malling မှာတည်ရှိတဲ့ The Farm House အမည်ရ Pub မှာဖြစ်ပြီး၊ အခင်းဖြစ်ချိန်ကတော့ အချိန်ကတော့ (၂၀၁၈)ခုနှစ် အောက်တိုဘာလ (၁၉)ရက်က ဖြစ်ပါတယ်။ နောက်ပိုင်းတော့ နီးစပ်ရာလူတွေကလည်း ရန်ပွဲကမှာ ပါဝင်ခဲ့ပြီး Gold ရဲ့လက်ချက်နဲ့ Olivia ရဲ့မျက်နှာမှာ ကွဲရှဒဏ်ရာနှစ်ချက် ရရှိခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ သူတို့အမှုဟာ နှစ်ဘက်လျှောက်လဲချက်တွေကို နားထောင်နေဆဲ၊ သက်သေတွေကို စစ်ဆေးအတည်ပြုနေဆဲဖြစ်လို့ မပြီးပြတ်သေးပါဘူး။ နစ်နာသူ Olivia ကလည်း တရားခံကို ထိုက်တန်တဲ့ အပြစ်ပေးမှုအတွက် တိုက်ပွဲဝင်နေပြီး၊ တရားခံအဖြစ် စွပ်စွဲခံရသူကလည်း ခုခံချေပမှုတွေနဲ့ ကြည့်ကောင်းနေပါတယ်။ အမှုကို ဆက်လက်စစ်ဆေးနေပါတယ်။

လင်းသူရိန်

SHARE