အတ္တစိတ်လွန်ကဲနေသူမှန်း ဘယ်လိုအချက်တွေအားဖြင့် သိနိုင်မလဲ…

Shutterstock/ Nadezhda Manakhova

အတ္တစိတ်လွန်ကဲနေသူတွေဆိုတာ လူ့ဘောင်အဖွဲ့အစည်းအတွက် အဆိပ်အတောက်ဖြစ်စေတဲ့သူတွေပါ။ သူတို့တွေနဲ့ သွားပတ်သက်မိတဲ့အခါ ကြာလာရင် ကိုယ်ပါ စိတ်ဝေဒနာရလာနိုင်ပါတယ်။ အတ္တစိတ်လွန်ကဲသူတွေဟာ အခြားသူတွေကို အသုံးချခံ နယ်ရုပ်တွေအဖြစ် သဘောထားပါတယ်။ ဒါကြောင့် လူတစ်ယောက်နဲ့ ပေါင်းသင်းဆက်ဆံကြည့်တဲ့အခါ သူဟာ အတ္တစိတ်လွန်ကဲနေသူမှန်း ဘယ်လိုသိနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

လူတစ်ယောက်ကို သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပဲ အသုံးချတယ်

Shutterstock/ Prazis Images

အတ္တစိတ်လွန်ကဲသူတွေဟာ ကိုယ်တစ်ယောက် ကောင်းဖို့အတွက် ပတ်ဝန်းကျင်မှာ သူနဲ့ဆက်ဆံနေသူတွေကို အသုံးချတတ်ပါတယ်။ သင်အပါအ၀င် သင့်ရဲ့ မိတ်ဆွေတွေနဲ့ အခြားသူတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သူတို့က နည်းလမ်းတွေ အမြဲရှာကြံနေပါတယ်။ သင်ဆီက သူ့အတွက် ဘာအကျိုးအမြတ်ရနိုင်လဲဆိုတာ စဉ်းစားတွက်ချက်ပြီးမှ လူလိုက်ပေါင်းနေတဲ့သူမျိုး ဖြစ်ပါတယ်။

သူတစ်ပါးဆီက ချီးကျူးမှုကို အမြဲလိုအပ်နေတယ်

အတ္တစိတ်လွန်ကဲသူတွေဟာ လူတိုင်းဆီက ချီးမွမ်းသံကို လိုအပ်ပါတယ်။ လူတွေက သူပြောတာတွေကို သဘောတူ၊ လက်ခံတာ၊ သူ့ကို မြှောက်ပင့်ပြောဆိုတာတွေလုပ်ရင် သိပ်သဘောကျပါတယ်။ သူတို့အတွက် အသုံးဝင်တယ်၊ သူတို့အကူအညီတောင်းတာကို ပြုလုပ်ပေးတဲ့လူဆိုရင် သူတို့အနားမှာ ကြာရှည်စွာထားပြီး ထိုသူတွေဆီက ရသလောက်အခွင့်အရေးကို အသုံးချလေ့ ရှိပါတယ်။

READ
သဘာဝနည်းနဲ့ အိမ်တွင်းက ကြွက်တွေကို မောင်းထုတ်နည်း

အရာရာတိုင်းမှာ မောက်မာတယ်

Shuttetstock/ Koldunova Anna

အတ္တစိတ်လွန်ကဲသူတွေဟာ တစ်လောကလုံးမှာ သူတို့ကိုယ်တိုင်သာ အရေးအပါဆုံး၊ အရေးအကြီးဆုံးလို့ ထင်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ သိပ်အသားပေးသလို သူတို့အတ္တကို သူတို့ သိပ်ခင်တွယ်ကြသူတွေပါ။ အကြောင်းအရာတစ်စုံတစ်ခုနဲ့ ပတ်သက်လို့ သူတို့နဲ့ယှဉ်ပြီး ကိုယ်က ငြင်းလိုက်ရင် သူတို့သိက္ခာကို ထိပါးစော်ကားတာလို့ သူတို့က ယူဆပါတယ်။ သူတို့ရဲ့ အတ္တကို သွားထိပါးလိုက်တာနဲ့ သင့်ကို ရန်သူလို့ သတ်မှတ်တတ်ကြပါတယ်။

မနာလိုစိတ်များတယ်

အတ္တစိတ်လွန်ကဲသူတွေဟာ မနာလိုတတ်သူတွေလည်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ကများ သူတို့ထက် အတွေးအခေါ်၊ အလုပ်အကိုင်၊ စီးပွားရေးသာလွန်သွားခဲ့ရင်လည်း မခံမရပ်နိုင်ဖြစ်ကျန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ကိုယ်ချင်းမစာတတ်ဘူး

အတ္တစိတ်လွန်ကဲသူတစ်ဦးဟာ သူတစ်ပါးအပေါ်မှာ အပြစ်မြင်တတ်သူ ဖြစ်ပါတယ်။ ပြဿနာတစ်စုံတစ်ခုဖြစ်လို့ သူ့အပြစ်ဖြစ်နေတာတောင်မှ သင့်ကြောင့်၊ သင့်မဆင်ခြင်လို့ ဖြစ်ရတယ်ဆိုပြီး အပြစ်ကို ရှောင်ဖယ်လွှဲချတတ်သူလည်း ဖြစ်ပါတယ်။ သူတို့တွေမှာ စာနာသနားစိတ်ဆိုတာ မရှိပါဘူး။ သူတို့အတ္တအကျိုးအတွက် လူတစ်ယောက်ရဲ့ ဘ၀ကို ချနင်းဖို့ လေးဖင့်နေတာမျိုး မရှိပါဘူး။ ကိုယ့်အကျိုးသာ မပါရင် သူတစ်ပါးကို ကူညီပေးတာမျိုးလည်း မရှိတာကြောင့် လူ့အဖွဲ့အစည်းတွင်းက ဆူးငြောင့်တွေလို့လည်း ဆိုနိုင်ပါတယ်။

READ
ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာရန် ပြောင်းလဲသင့်တဲ့ အချက်များ

သူတို့ရဲ့ အောင်မြင်မှုတွေကို ချဲ့ကားတယ်

Shuttetstock/ Prazis Images

သူများတွေကိုတော့ တန်ဖိုးမရှိဘူး၊ သူတို့ကိုယ်သူတို့တော့ တော်ဝင်ရတနာတွေသဖွယ် တန်ဖိုးထားတတ်တာဟာ အတ္တစိတ်လွန်ကဲသူတွေရဲ့ အမူအကျင့်တစ်မျိုး ဖြစ်ပါတယ်။ အခြားသူတွေဆီက ချီးကျုးစကား၊ သဘောတူစကားကြားရဖို့အရေး ဘာမဆိုလုပ်နိုင်တဲ့သူတွေလည်း ဖြစ်ပါတယ်။ သူများတွေက သူ့လောက်မှ မတတ်ဘူး၊ မတော်ဘူး၊ အရည်အချင်းမရှိဘူးလို့ ချီးကျူးသံကြားရရင်လည်း ဘ၀င်လေဟပ်နေတတ်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်အတွက် မိတ်ဆွေတုတွေဖြစ်တဲ့ ဒီလို အတ္တစိတ်လွန်ကဲသူတွေရဲ့ အမူအကျင့်တွေကို သတိထားပြီး ဒီလိုလူတွေကို ဝေးဝေးက ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE