အသစ်ဝယ်ယူလိုက်တဲ့ အိမ်အောက်မှာ မြွေအကောင်(၁၅၀)ကျော် တွေ့ရှိခဲ့တဲ့ စုံတွဲ

Twitter/9News

ကိုလိုရာဒါပြည်နယ်က စုံတွဲတစ်တွဲဟာ အိမ်သစ်တစ်လုံးဝယ်ယူပြီးနောက် အိမ်သစ်ကို ပြောင်းရွေ့လာချိန် သူတို့ဝယ်ယူထားတဲ့အိမ်မှာ မြွေ(၁၅၀)ကျော်နေထိုင်နေတဲ့ မြွေသိုက်ကြီးကို တွေ့ရှိခဲ့ပြီးနောက် အတော်လေး ထိတ်လန့်တုန်လှုပ်သွားကြပါတယ်။

အိမ်ရှင် Shaynon McFadden နဲ့ Royce Robins တို့စုံတွဲဟာ (၂၀၁၈)ခုနှစ်က Elizabeth မြို့ရှိ Rushmore လမ်းက နေအိမ်ကိုဝယ်ယူပြီးနောက် ရွေ့ပြောင်းလာခဲ့ကြတာပါ။ အိမ်လည်းရောက်ရော အိမ်ရဲ့နေရာတော်တော်များများ အသီးသီးနေရာယူထားကြတဲ့ မြွေအများကြီးကို အသည်းယားဖွယ်တွေ့ခဲ့ရပါတယ်။

မြွေတွေက ကြမ်းပြင်ပေါ်တွေ တိုင်လုံးတွေမှာ တွန့်လိမ်သွားလာနေကြတာပါ။ ရာသီဥတုအနည်းငယ်ပူပြင်းလာတာနဲ့အမျှ မြွေတွေကလည်း တအိမ်လုံးလှည့်ပတ်သွားလာနေကြပါတယ်။

Twitter/9News

ဒါပေမယ့် အဆိုးထဲကအကောင်းတစ်ခုက မြွေအရွယ်အစားတွေက အလယ်အလတ်လောက်သာရှိကြပြီး လူကို အန္တရာယ်မပေးတဲ့မြွေမျိုးတွေပါ။ သူတို့ကရစ်ပတ်ပြီးညစ်အားသုံးတဲ့မြွေတွေဖြစ်ပေမယ့် အငြိုးအတေးမထားတတ်တဲ့မြွေမျိုးတွေဖြစ်ပါတယ်။

မြွေတွေကို မြေပြင်ပေါ်တွေရော သစ်သားပြားပေါ်တွေရောမှာ စတွေ့လိုက်တော့ ခေါင်းတွေတောင်ကြီးသွားတယ်လို့ အိမ်ရှင် McFadden က 9Newsသတင်းဌာနကိုပြောပါတယ်။

သူတို့အဲဒီအိမ်ကို (၂၀၁၈)ခုနှစ်မှာစတင်ဝယ်ယူခဲ့တာပါ။ တကယ်တော့ အိမ်တစ်အိမ်မှာ ဒီလောက်များတဲ့မြွေတွေရှိနေမယ်လို့ကိုထင်ကိုမထင်ခဲ့ဘူး။ ရောင်းတဲ့သူကလည်း ကိုယ့်ပစ္စည်းကို မရောင်းခင် ၀ယ်သူကို ပြောပြခဲ့သင့်တယ်။ ဒါဟာ ကိုလိုရာဒိုရဲ့အိမ်ယာဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ပဲလို့ McFadden ကဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဆောင်းကနေ နွေကိုရောက်တော့မယ်ဆိုတော့ မြွေတွေကအပြင်ထွက်လာကြပြီလေ။ ကျွန်တော်တို့ မွေးထားတဲ့ကြောင်နဲ့သာထိပ်တိုက်တွေ့ရင် ဘယ်လိုလုပ်မလဲ သူ့အတွက်စိုးရိမ်ရတယ်လို့ဆိုပါတယ်။

ပြီးတော့ ဒီအိမ်အတွက် သူတို့ ငွေကြေးအများအပြားကုန်ကျခဲ့ပြီး၊ ပြင်ဆင်စရိတ်တွေနဲ့ဆို ကန်ဒေါ်လာ(၈၀၀၀)လောက်ကုန်ကျခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အိမ်ရဲ့ နေရာတော်တော်များများကနေ မြွေအကောင်ရေ(၁၅၀)လောက်ကို ဖမ်းဆီးပြီး ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

Khaing Sandar

SHARE